Monday, May 6, 2019

စိုက်ပါ၊ ထိန်းပါ၊ မခုတ်ပါနဲ့

မနေ့က ည ဆယ်နာရီလောက် ဖုန်းဝင်လာတယ်။ ယပ်တောင် ခတ်ရင်း ဘုရားရှိခိုးနေလို့ ဖုန်းမကိုင်ဖြစ်ဘူး။ ဘုရားရှိခိုး မေတ္တာပို့အမျှဝေပြီးတော့မှ ဘယ်သူခေါ်တဲ့ဖုန်းလဲ မသိလေတော့ ကြည့်မိလိုက်တယ်။ ရွာက အစ်မဝမ်းကွဲခေါ်ထားတာပါ။ ဒါပေမဲ့ ကျွန်မတို့က သူ့ကို “မမ” တစ်လှည့်၊ “အဒွေး” လို့ တစ်ဖုံ အမျိုးမျိုး ပြောင်းခေါ်ခဲ့ကြတာပါ။ သူ့ကိုဖုန်းပြန်ခေါ်တော့ သူက ဝမ်းသာအားရ “ငါ့ဖြင့် ညည်းဖုန်းမျှော်နေသာရယ်၊ ငါ့တူမ ပြန်ခေါ်မှာ ဒဲ့ထိသိလို့ စောင့်နေတာတဲ့လေ”

“ဘာကိစ္စရှိလို့လဲဒွေး”လို့ ကျွန်မမေးတော့
“ရှိတာပေါ့အေ”
“ညည်းတို့ဆီ မိုးမရွာဘူးလားတဲ့”
“မရွာပါဘူးဒွေးရယ်”ဆိုတော့
“ဦးထွန်းလွင်ကတော့ မိုးရွာတော့မယ်ပြောသားပဲအေ”
“ငါတို့ကတော့ ရွာစေချင်ပါပြီအေ”တဲ့

ကျွန်မက မိုးခေါ်လွန်ဆွဲပါလားဆိုတော့ အဲဒါတွေက ဟိုတုန်းကပါအေ။ ခု ရာသီဥတုတွေဖောက်ပြန်နေတာ လူတွေကြောင့်တဲ့။ လူတွေက ဘာလုပ်လို့လဲဆိုပြီး သူ့ကိုပြန်မေးတော့ “ဥတုရာသီ၊ တောကိုမှီ” တဲ့၊ ဘယ်တောမှီစရာရှိလို့တုံး သစ်ကြီးဝါးကြီးမပြောနဲ့ မြောက်ထန်းတောထဲက ရှောက်ချုံတောင် မကျန်ပါဘူးအေ။ ခုတ်ကြတာများ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးပါဘူး။ ထန်းပင်တွေလည်း ခုတ်ကြတယ်။ ဝယ်တဲ့သူကလည်း အမြစ်ပါတဲ့အထိ တူးခိုင်းတာအေ။ ရောင်းသူရှိလို့ ဝယ်သူရှိတာပေါ့တဲ့။ အမွှေးတိုင်တွေခေတ်စားတုန်းက မန်ကျည်းသားတွေ ခုတ်ရောင်းကြ။ အခု ထန်းပင်ခုတ်ကြပြန်ပြီ။ တနောင်းပင်တို့၊ တမာပင်တို့အသံ ဘာကြားသလဲတဲ့။ ငါတို့မှာ အဘတို့ အမေကြီးတို့စိုက်ခဲ့လို့ ထနောင်း၊ ကုက္ကို၊ တမာ၊ မန်ကျည်းတို့ အရိပ်အောက်နေခဲ့ရတာ လေလေးတဖြူးဖြူးနဲ့ အေးပါ့။ခုများဖြင့် စိုက်သူကမရှိ ခုတ်သူကများဆိုတော့ အရိပ်လည်းမရှိ ပူတာမှ ငရဲပြည်ရောက်သလားမှတ်ရတယ်လို့ သူကပြောတော့

“အဒွေးက ငရဲပြည်ရောက်ဘူးလို့လား”ဆိုပြီးပြောတော့

“ငါတို့က ရောက်စရာလားအေ၊ သစ်ပင်ခုတ်တဲ့သူတွေရောက်မှာတဲ့”

ငါတို့ရွာ ဇရပ်ရှေ့မယ်၊ ဘုတ်ပြားကြီးထောင်လို့ ရေးထားတာပဲ သစ်ပင်ခုတ်ရင် အာဒိစ္စဒဏ်သင့်မယ်လို့ တွေ့တာပဲအေတဲ့။

ဟိုကျန်ခဲ့တဲ့ လေးငါးဆယ်နှစ်ကဆိုရင် ဟိုအပင်ကို ကိုယ်သာ သောက်ရေခပ်ချိန်နောက်ကျပေမယ့် ကိုယ့်ကိုယ်တာ အပင်မသေရလေအောင် မနက်ဖြန်ည ပြန်ရေလောင်းခဲ့ရတာ။

သစ်ပင်ကသာ ဘာမှမဟုတ်တာရယ် ခြံနဲ့ဝင်းနဲ့ ဆေးသုတ်အလှပြ ရွာ့ကျက်သရေဆောင် စိုက်ခင်းဆိုပြီး အမွှမ်းတင်နေကြတာရယ်တဲ့။

ငါသိသလောက်ပြောရရင်တော့ဖြင့် တမာပင်စိုက်တာမှ တမာပန်း ဘုရားလှူ၊ တမာစေ့ကောက်ပြီး ဆပ်ပြာချက်တဲ့သူတွေရောင်း၊ တမာကိုင်းချိုင် နွားစာတောင်ကျွေးရသေး။ အရိပ်ဆိုတာကလည်း အေးမှအေး။

ထနောင်းစိုက်မလားအေ၊ ထနောင်းရွက်နုအသုပ် လုပ်စားမလား၊ ထနောင်းဆူးနဲ့ ဝင်းထရံခတ်မလား၊ ထနောင်းရိပ်ကလည်း အေးလို့မှ စက်စက်ယိုနေရော။ ကုန်ကုန်ပြောမယ်အေ မန်ကျည်းပင်များစိုက်လို့ကတော့ မန်ကျည်းရွက်၊ မန်ကျည်းသီး အကုန်ဟင်းချက်စရာပါအေ။

မန်ကျည်းရိပ်ဆိုသာ ပြောစရာကိုမလိုတာ။ အလိုလိုနေရင်း ယပ်ခတ်နေသလားမှတ်ရတယ်။

ထန်းပင်ဆိုအေ “ထန်းတစ်ပင်၊ သားကောင်းတစ်ယောက်” တဲ့။ ထန်းပင်က သားကောင်းတစ်ယောက်လောက် တန်ဖိုးရှိတာ။ ထန်းလက်၊ (ခလက်)က အိမ်မိုး၊ ထန်းလျှော်(နှီး)၊ ထန်းနို့ချောင်း၊ ထန်းစစ် (ထစစ်)၊ ထန်းပလပ် မီးမွှေးရတယ်၊ ထန်းရေအချို၊ အခါး တစ်နှစ်လုံးသောက်စမ်းအေ။ ထန်းသီးဆန်(သရေစာ) စားဦးမလား၊ ထန်းသီးမှည့်က ထန်းသီးမုန့်ထဲ ထည့်ရတယ်အေ။ ထန်းသားက အိမ်ဆောက်သစ်သုံးမလားဘဲ။ ထန်းမြစ်ကလည်း သရေစာပါအေ။ ဘယ်မှာတုံး သူ့ပစ်စရာကို မရှိတာ။

ဒါကိုများအေ ထန်းတက်သူမရှိကြလို့ တစ်ပင် ငါးထောင် တစ်သောင်းရနေတာ များလှမှတ်ပြီး ရောင်းနေကြတယ်။ ထန်းသမားကလည်း ဘယ်ရှိတော့မှာတုံး။ ကိုရီးယားတို့၊ ဂျပန်တို့သွားကြသတဲ့အေ။ ဒင်းတို့ကလည်း ငွေစရွှင်တော့ အိမ်တွေကို အုတ်နံရံထောင်နဲ့ လျှပ်စစ်မီးကရတော့ အဲယားကွန်းဆင်သတဲ့။

ငါကတော့ ညည်းတို့မောင်တွေကို ပြောထားတယ်။ နေပူရင် ယပ်ခတ်နေမယ်။ ထန်းပင်လည်းမရောင်းနဲ့၊ မန်ကျည်းပင်လည်း မရောင်းနဲ့၊ အမေလည်း လေအေးစက်မကြိုက်ဘူး။ ထလက်ယပ်တောင်လေးသာ တစ်နွေစာလေး ငါးချောင်းခုတ်ထားစမ်းလို့ ပြောထားတယ်တဲ့ ငါ့တူမရေ ပြောချင်တာက ခုမှရောက်တော့တယ်။

စိုက်တာလည်း စိုက်တာပေါ့တဲ့။ ရှိတဲ့အပင်တွေ ထပ်မခုတ်ဖြစ်အောင် ထန်းတစ်ပင်တစ်သောင်းနဲ့ ငါ့အပင်နှစ်ဆယ်လောက် ညည်းဝယ်စမ်းပါတဲ့လေ။

ဝယ်ပါ့မယ်မမ ဆိုတော့

ငါ့တူမက ငှက်တစ်သောင်းနားမယ့်အပင် ဝယ်လို့ဘုန်းကြီးလို့ သက်ရှည်မယ့် မိန်းမကောင်း၊ မိန်းမမြတ်ဖြစ်ပါစေတဲ့။ အဒွေးပြောသလို အသက်ရှည်ရှည်နေနိုင်ကြဖို့ ကျွန်မတို့တွေ ရှိပြီးသားအပင်တွေ ရှင်သန်ကြီးထွားအောင်နဲ့ သစ်ပင်တွေထပ်စိုက်ဖို့ တစ်ယောက်တစ်ပင်မှ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းစိုက်ကြပါစို့လားရှင်။

ဟိုအပင်တွေကို ခြံနဲ့ ဝင်းနဲ့ မရှင်ရှင်အောင် ပေါင်းသင်ရေလောင်း စိုက်ခဲ့သလို ကျွန်မတို့မျိုးဆက်သစ် သစ်ပင်တွေလည်း မရှင်ရှင်အောင် ပေါင်းသင်ရေလောင်း စုပေါင်းစိုက်ကြရအောင်လား။

မစိုက်နိုင်သေးရင်တောင် ရှိနေတဲ့အပင်လေးတွေ တည်မြဲနေအောင်၊ အနိမ့်ဆုံးအဆင့် အရိပ်ရတန်သလောက်ရနေအောင် ထိန်းထားကြရအောင်။ ကိုယ်တိုင် ဝယ်မထိန်းနိုင်ရင်တောင် ရှေ့က စိုက်ထား၊ ထိန်းထားတဲ့ အပင်တွေကို မခုတ်၊ မလှဲဘဲ ဒီအတိုင်း ရှင်သန်ခွင့်ပေးကြရအောင်။

No comments:

Post a Comment