Monday, May 6, 2019

သဘာဝဘေးကျော်လွှားနိုင်ရေး မီးသတ်တပ်ဖွဲ့ လုပ်ငန်းစွမ်းရည်မြှင့်တင်ရန်လိုဟု စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ပြော

သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ မီးသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစွမ်းရည်တွေ မြှင့်တင်ကြဖို့ လိုအပ်တယ်လို့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းမီးသတ်ရုံးမှာ ဒီနေ့ ကျင်းပတဲ့ ၇၃ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားမှာ ပြောကြားခဲ့တာပါ။



“ရာသီဥတုပြောင်းလဲလာတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ျဘး၊ ဆူနာမီဘေး၊ မြေပြို၊ မိုးခေါင်ရေရှား ရတဲ့ ဘေးတွေကို ကြုံတွေ့နေရတဲ့အပြင် ဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းတွေလည်း ကြုံလာရလို့ မီးသတ်တပ်ဖွဲ့တွေအနေနဲ့ ရင်ဆိုင်ကျော်လွှားနိုင်အောင် လုပ်ငန်းစွမ်းဆောင်ရည် တွေ မြှင့်တင်ကြဖို့ လိုတယ်” လို့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်မိန့်ခွန်းမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှုအနေနဲ့ ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာလအထိ မီနီဘက်ဂျက် ၆ လအတွင်းမှာတော့ မီးလောင်မှုအကြိမ်ရေ ၆၈ ကြိမ်ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၂၄၅ သိန်းကျော်ရှိခဲ့ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ၆ လအတွင်းမှာလည်း မီးလောင်မှုအကြိမ်ရေ ၁၀၉ ကြိမ်ရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ၇၃၂ သိန်းကျော်ရှိခဲ့ပါတယ်။ နှိုင်းယှဉ်ချက်အရ မီးလောင်မှုအကြိမ်ရေ တိုးလာခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ လျော့နည်းခဲ့ပါတယ်။ ဒါကလည်း အချိန်မီသတင်းရရှိတာ၊ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်လာတာ၊ နည်းပညာမြင့် ပစ္စည်းကိရိယာတွေ သုံးစွဲလာနိုင်တာ၊ ယာဉ်ယန္တရား ဖြည့်တင်းလာတာတွေကြောင့် ဖြစ်တယ်လို့ တိုင်းမီးသတ်ဦးစီးမှူက ပြောပါတယ်။

တနိုင်ငံလုံးအနေနဲ့ ၂၀၁၇ ခုနှစ်မှာ ၁၈၃၂ ကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၄၇၀၀၀ ကျော်၊ ၂၀၁၈ ခုနှစ်မှာ ၁၇၃၉ ကြိမ်၊ ဆုံးရှုံးမှု ကျပ်သန်းပေါင်း ၅၃၀၀ ကျော်သာရှိခဲ့လို့ အကြိမ်ရေလျော့နည်းလာသလို ဆုံးရှုံးမှုလည်း နည်းပါးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော်ရှိပြီး မီးသတ်ယာဉ်၊ ယန္တရားပေါင်း၆၀၀ စီးကျော်ရှိပါတယ်။

အခမ်းအနားကို ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဥပဒေချုပ်၊ တိုင်းတရားသူကြီးချုပ်၊ နမခတိုင်းစစ်ဌာနချုပ် တိုင်းမှုးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ သရုပ်ပြအဖွဲ့ဝင်တွေ၊ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ဆုများချီးမြှင့်ပေးခဲ့ပါတယ်။

No comments:

Post a Comment