Monday, May 6, 2019

ကျောက်တန်းရွာသားများ အပြင်မထွက်ရဲတော့သဖြင့် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာသူရွာသားတွေဟာ ထိန်းသိမ်းစစ်ဆေးခံရတာတွေကြောင့်  အပြင်မထွက်ရဲတော့တဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ရွာမှာ ရွာသား ၂၇၅ ဦးကို တပ်​မ​တော်​က ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာရရှိခဲ့ပါတယ်။ စစ်ဆေးနေတဲ့ တပ်သားတွေဆီက သေနတ်လုလို့ ပစ်ခတ်ရာက သေဆုံးဒဏ်ရာရရှိသွားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။



ဖြစ်စဉ်မှာ သေဆုံးသွားသူတဦးလျှင် ၃ သိန်းနှုန်းနဲ့ မိသားစုဝင်တွေအား တပ်မတော်က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့  ကျောက်တန်းကျေးရွာသူ/သားတွေဟာ အပြင်ကို မထွက်ရဲတော့သလို သွားလာခွင့်လည်း မရှိတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံတွေ့နေရပြီး သောက်ရေလည်း သွားမခပ်ရဲကြဘူးလို့ ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ဦးသံခဲအောင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

“ကျမမှာ အခု လင်လည်းသေပြီ။ သားသမီးတွေအပြင် အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မိခင်အိုတဦး ကျန်ခဲ့ပါသေးတယ်။ ဒီလူတွေ အနာဂတ်စားသောက်နေထိုင်ရေးအတွက် ကျမဘယ်လို ရင်ဆိုင်ရပါမလဲ့။ သမီးတယောက် ၈ တန်းတက်မှာပါ။ ဒီနှစ် သားအငယ်က ၅ တန်းတက်မှာပါ။ ကျမလင်သံခဲအောင်က ကွန်ပိုက်ငါးရှာဖွေပြီး မိသားစုကို ပြုစုစောင့်ရှောက် နေသူဖြစ်ပါတယ်။ အခု ကျမတို့ ကျေးရွာသူ/သားတွေ စားစရာမရှိ သောက်စရာ ရေတောင် သွားမခပ်ရဲပါ။ ရေကန်နားမှာ လက်နက်ကြီး ထောင်ထားပါတယ်။ အခု ရိက္ခာပြတ်ပြီး ငတ်သေဖို့သာ ရှိပါတောတယ်။”

တပ်​မ​တော်​က ထိန်းသိမ်းစစ်​​ဆေး​နေတဲ့ထဲက ကျောက်တန်း​ကျေးရွာသား ၁၂၆ ဦးကိုတော့ မေ ၃ ရက်နေ့မနက်ပိုင်း ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့သူတွေထဲက တချို့ဟာ အေအေနဲ့ ပတ်သက်တာကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

ကျောက်တန်းရွာကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ လွှတ်လိုက်ပြီ မေ ၄ ရက်နေ့က စတင်စစ်ဆေးနေပြီလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ပစ်ခတ်မှုဖြစ်ပွားတဲ့ ဖြစ်စဉ်အသေးစိတ် သိရှိဖို့အတွက်ပေါ့။ စုံစမ်းစစ်ရေးအဖွဲ့မှာ နယ်မြေခံအရာရှိတဦးပါဝင်တယ်။ စစ်ဆေးတဲ့နေရာမှာ တပ်မတော်သားတွေကို စစ်ဆေးတဲ့ အပြင် ရွာသူ/သားတွေ၊ ရွာက လူကြီးတွေပါ စစ်ဆေးချက်တွေယူပြီး မှတ်တမ်းတင်မူတွေ ပြုလုပ်သွားမှာဖြစ်တယ်။ ကျန်တဲ့ ၁၃၁ ဦးထဲက လွှတ်ပေးတဲ့သူတော့ မရှိသေးဘူး။ စစ်ဆေး ပြီးရင် အပြစ်မရှိတဲ့သူတွေကို လွှတ်ပေးသွားမှာဖြစ်တယ်။”

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ မြေပြင်အနေအထားကို လက်တွေ့စစ်ဆေးနေပြီ ဖြစ်တာကြောင့် ကျေးရွာရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တို့ကို စီမံဆောင်ရွက်ပေးလိမ့်မယ်လို့ ပြောပါတယ်။

ရ​သေ့​တောင်​မြို့နယ်​ ကျောက်​တန်း​ကျးရွာမှာ​ အိမ်ခြေ ၅၀၀၊ လူ ၂၀၀၀ ​ကျော်​​ ​နေထိုင်​တဲ့ ​ကျေးရွာကြီးတရွာဖြစ်​ပါတယ်။

No comments:

Post a Comment