Monday, May 6, 2019

မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှုမှ ယူဆောင်သွားသော ပစ္စည်းများတွင် ရွှေချောင်းတစ်ချောင်း၊ လက်ဝတ်ရတ နာအချို့နှင့် ဒင်္ဂါးပြားများ ပျောက်ဆုံးနေဆဲဟု သိရ

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင် လူသတ်မှုမှယူဆောင်သွားသောပစ္စည်းများတွင် ရွှေချောင်းတစ်ချောင်းနှင့် ဒင်္ဂါးပြားများ ပျောက်ဆုံးနေဆဲဟု မိသားစုထံမှ မေ ၄ ရက်တွင် သိရသည်။ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှုတွင် ယူဆောင်သွားသော ပစ္စည်းစာရင်းများမှာ ကျောက်ပြာပါလက်စွပ်နှစ်ကွင်း၊ ကျောက်နီပါ လက်ကောက်လေးကွင်း၊ ရွှေဘယက်တစ်ကုံး၊ ကျောက်ပြာပါ ရွှေဘယက်နှစ်ကုံး၊ ၁၂ ကျပ်သားခန့်ရှိ ရွှေချောင်းခြောက်ချောင်း၊ စိန်လက်ကောက် သုံးကွင်း၊ ဒင်္ဂါးလက်ကောက် ၁၄ ကွင်း၊ ရွှေခေါင်းဘီး နှစ်ခု၊ ရွှေဆံညှပ်တစ်ခု၊ ငွေဒင်္ဂါးပြား ၃၀၀၊ ရွှေဆွဲကြိုး ၁၁ ကုံး၊ ရွှေလက်ကောက် ၁၃ ကွင်းနှင့် ငွေသားကျပ် သိန်း ၄၀ တို့ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။



မေ ၁ ရက်တွင် သက်သေခံရွှေထည်ပစ္စည်းမျိုးစုံ တစ်ပိဿာ နီးပါးခန့်နှင့် ကျပ် ၇၂၀၀၀၀ တို့ကို ၎င်း၏နေအိမ်မှ အထူးအမှုစစ်အဖွဲ့က ရှာဖွေဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ပြီး၊ မေ ၃ ရက်တွင် အလေးချိန် ၅၅ ကျပ်သားအလေးချိန်ရှိသော ရွှေချောင်း ငါးချောင်းကို ကျောက်မဲမြို့နယ် အထက်မြင်းကွင်းကျေးရွာရှိ ၎င်း၏နေအိမ်အခန်း ဖျာအောက်မှ ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဘယ်ပစ္စည်းတွေ ပျောက်သလဲဆိုတာ အတိအကျမမှတ်မိတော့ပါဘူး။ အခုထိတော့ ဒင်္ဂါးတွေတော့ ရှာမတွေ့ဘူးလို့သိရတယ်။ နောက်ပြီး ရွှေချောင်းခြောက်ချောင်းမှာ ငါးချောင်းတော့ ရှာတွေ့ပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါပစ္စည်းများကို ကျောက်မဲမြို့နယ် ရဲစခန်းမှ တောင်ကြီးမြို့ နယ်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးသွားမည်ဖြစ်ကာ အဆိုပါလက်ဝတ်ရတနာပစ္စည်းများ စုံသွားချိန် တရားရုံးတွင် သက်သေအဖြစ် တစ်ပေါင်းတစ်စည်းတည်း တင်သွင်းရမည်ဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

အဆိုပါလေးလောင်းပြိုင်လူသတ်မှုကို မေ ၄ ရက်တွင် ရက်လည် ဆွမ်းသွတ်ခဲ့ကြပြီး အဆိုပါရက်လည်နေ့ မွန်းလွဲပိုင်း အချိန် ၁၂ နာရီ အချိန်ခန့်တွင် ပြစ်မှုကျူးလွန်ရာတွင် စီမံဆောင်ရွက်သူ တင်အုံး(ခ)အိုက်အုံး (၆၀ နှစ်)သည် အသက်ရှူကျပ်ပြီး၊ တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါလေးလောင်းပြိုင် လူသတ်မှုမှ အသတ်ခံလိုက်ရသူ လေးဦးတို့အား စိုင်းဆေမွန်း၏ မိဘများမှ ပင်လောင်းတွင်လည်း ရက်လည် အလှူဆွမ်းကပ်လှူခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး သေဆုံးခဲ့သူ လေးဦးမှာ စိုင်းဆေမွန်း(၂၇ နှစ်)၊ နန်းခမ်းလှိုင် (၂၃ နှစ်)၊ မောင်ဖဖ (ခုနစ်လ)၊ မအေးမိုး (၁၇ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။

မြင်းဖြူနှစ်ကောင်ဆေးတိုက်ရှေ့ လမ်းပေါ်တွင် သံဃာတော် ငါးပါးတို့ဖြင့် ကမ္မဝါဖတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော် နာကြားခြင်းကို မေ ၄ ရက် ညနေ ၅ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြင်းဖြူနှစ်ကောင် ဆေးတိုက်တွင် နာရေးဖြစ်သည့်နေ့မှစ၍ ညတိုင်းသံဃာတော်များဖြင့် ပရိတ်တရားတော် ရွတ်ပွားခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး နေအိမ်နှင့် ရပ်ကွက်၊ လမ်းများအတွက် ရက်လည်သောနေ့ မေ ၄ ရက် ညနေ ၄ နာရီတွင် လမ်းပေါ်တွင် သံဃာတော်ငါးပါးဖြင့် ကမ္မဝါဖတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ကံသာရပ်ကွက်မှ ရပ်ကွက်သူ ရပ်ကွက်သားများဖြင့် တရားတော် အတူတကွ နာယူခဲ့ကြောင်း သိရသည်။

No comments:

Post a Comment