Monday, May 6, 2019

ဖားကန့်တွင် မြေစာပြိုကျသဖြင့် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေစာတွေ ပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေလ ၄ ရက်နေ့ ညနေ ၅ နာရီလောက်က ဖားကန့်မြို့နယ်၊ တောင်းကော့ကျေးရွာအနီး ဇာဗွေ(၁၆) သက်တမ်းကုန် လုပ်ကွက်ဟောင်းအနီး အမြင့်ပေ ၃၀၀ လောက်ရှိ ကမ်းပါးယံမှာ ကျော်ရဲနိုင် (၂၆) နှစ်အပါအ၀င် ၄ ဦးတို့ဟာ လက်လုပ်ကျင်းတူးပြီး ရေမဆေးကျောက်ရှာဖွေနေစဉ် ကျင်းအပေါ်ရှိ အမြင့်ပေ ၅၀၀ လောက်က မြေစာတွေ ပြိုကျတဲ့အတွက် ရေမဆေးရှာသူ ၄ ဦး မြေစာတွေနဲ့အတူ မျောပါသွားခဲ့တာပါ။



မြေစာများပြိုကျမှုကြောင့် ကျော်ရဲနိုင်ပါ ၂ ဦးမှာ ဦးခေါင်းကြေမွပေါက်ပြဲ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာပင် သေဆုံးသွားခဲ့ပြီး ဇော်ဟိန်း (၃၅) နှစ်မှာ နှာခေါင်း၊ ပါးစပ်သွေးထွက်၊ ယာပေါင်ကျိုးဒဏ်ရာတွေ (စိုးရိမ်ရ) နဲ့ ထွန်းထွန်းဝင်း (၄၃) နှစ်မှာတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့လို့  ဖားကန့်ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားပါတယ်။

ကျော်ရဲနိုင်ပါ ၂ ဦး သေဆုံးမှုကို ဖားကန့်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment