Monday, May 6, 2019

တနင်္သာရီမြို့နယ်ဒေသထွက် ကွမ်းသီးမှို စိုက်ပျိုးရောင်းချသူများ ဝယ်လိုအားကောင်းပြီး နေ့စဉ်ဝင်ငွေအဆင်ပြေလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ဒေသထွက်ကွမ်းသီးမှို စိုက်ပျိုးရောင်းချသူ ချောင်းကြီးရပ် ကွက်၊ ကျန်းမာရေးလမ်းနေ ဦးဖေသိန်း-ဒေါ်သန်းမြ မိသားစုဝင်များနေ့စဉ်ဝင်ငွေအဆင်ပြေလျက် ရှိကြောင်း ၄င်း မိသားစုဝင်များထံမှ သိရှိရသည်။ တနင်္သာရီမြို့နေဒေသခံပြည်သူများသည် ကွမ်းသီးခြံစိုက်ပျိုးခြင်းဖြင့် အဓိကစီးပွားအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများပြားပြီး၊ အဆိုပါကွမ်းသီးရာသီကုန်ဆုံးသည့်အခါ ၄င်းကွမ်းသီးအခွံများမှ ကွမ်းသီးခွံမှို ရရှိစေရန် ကွမ်းသီးအခွံများကို အရိပ်ရသည့်နေရာတွင် သဘာဝမိုးရေခံခြင်း၊ ရေလောင်းပေးခြင်းနည်းဖြင့် မည်သည့်ဓါတု ဆေးဝါးမှ ထည့်သုံးရန်မလိုအပ်ဘဲ အလိုလျောက်ကွမ်းသီးမှိုကို ရရှိခြင်းဖြစ်သည်။
ကွမ်းသီးအချိန်(၅ဝဝဝ)ပိဿာဝန်းကျင်ခန့်ရှိ ကွမ်းသီးအခွံများစုပုံထားရှိခြင်းဖြင့် ရရှိသောကွမ်းသီးမှို အကြီး/အသေးရောရာ နို့ဆီဗူးတစ်ဗူးလျှင် (၂၅ဝ)ဖြင့် နေ့စဉ်တစ်နေ့ပျမ်းမျှဝင်ငွေ ကျပ်တစ်သောင်းခန့် မိသားစုဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သမီးဖြစ်သူ မဇင်မာမြင့်က တွေ့ဆုံမေးမြန်းစဉ် ပြောပြခဲ့သည်။

၎င်းကွမ်းသီးမှိုအား ညနေ ၄နာရီဝန်းကျင်ခန့်မှသာ ခူးယူရခြင်းဖြစ်ပြီး ညစာအဖြစ် လတ်လတ်ဆတ်ဆတ်ချက်စားပါက ဟင်းချိုမှုန့်မလိုအပ်ဘဲ ချိုမြသောသဘာဝအရသာကို ကြိုက်နှစ်သက်သဖြင့် ဒေသခံများ၊ ခရီးသွားဧည့်သည်များ ဝယ်လိုအားကောင်းလှကြောင်း၊ အကယ်၍ နောက်တစ်ရက်မှ ချက်စားလိုပါက ပလပ်စတစ်အိတ် အတွင်းထည့်၍ ရေခဲသေတ္တာအတွင်း အအေးခံထားရကြောင်း ၊ အဆိုပါကွမ်းသီးမှိုသည် အဆိပ်အတောက်(လုံးဝ) မရှိသဖြင့် နေ့စဉ်အားပေးဝယ်ယူသူများပြားလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment