Monday, May 6, 2019

YBS တပတ်ရစ်ကားများ အဲကွန်းပြင်ဆင်မှုများ လုပ်ဆောင်သော်လည်း အပူချိန်မြင့်မားမှုကြောင့် မကြာခဏ ပြန်ပျက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS တပတ်ရစ်ကားများ အဲကွန်းပြင်ဆင်မှု လုပ်ဆောင်လျက်ရှိကြသော်လည်း အပူချိန်မြင့်မားမှုကြောင့် မကြာခဏပြန်ပျက်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS အစီးရေ ၆ဝဝဝ ကျော်အနက် အစီးရေ ၂၈ဝဝ မှာကားသစ်များဖြစ်ပြီး Foton ကုမ္ပဏီ၊ Yutone ကုမ္ပဏီ၊ Ankai ကုမ္ပဏီထုတ်ကားများ ဖြစ်ကြသည်။ ကျန်ကားအစီးရေ ၃၂ဝဝ ခန့်မှာ ကိုရီးယားနိုင်ငံထုတ် တပတ်ရစ်ကား (Used Car) များဖြစ်ခြင်းကြောင့် လက်ရှိ ရန်ကုန်အပူချိန်ကိုမခံနိုင်ဘဲ အဲကွန်းများမနိုင်ခြင်း၊ မကြာခဏ ပြန်လည်ပြင်ဆင်နေရခြင်းများရှိနေကြောင်း သိရသည်။



''ယာဉ်လိုင်းတွေမှာ သူ့ကားသူတော့ အဲကွန်းပြင်ဆင်မှုတွေ လုပ်နေကြတာပဲဗျ။ ပြင်ကြတယ်။ ပြင်ပြီးတော့လည်း ပြန်ပျက်ကြတာပဲ။ ဂတ်စ်ပိုက်လိုင်းတွေ၊ compressors တွေကအစ ပြင်ကြရတယ်။ ဒါပေမဲ့ ကြာရှည်မခံဘူးဖြစ်နေတယ်။ ကားတွေက တပတ်ရစ်တွေဆိုတော့ ရာသီဥတုအရလည်း အဲကွန်းက သိပ်မနိုင်ဘူး။ တအားပူတော့ ကားတွေ အပူချိန်မြင့်တာတွေများတယ်။ ခရီးသည် ဝိတ်နဲ့ဆိုတော့ ပုံမှန်ထက်ပိုရုန်းရတာပေါ့'' ဟု YBS နံပါတ် ၄ ယာဉ်ပိုင်ရှင်ဦးထင်အောင်ကျော်က News Watch သို့ ပြောသည်။

ယခုနှစ် ဧပြီလမှစတင်၍ ရန်ကုန်မြို့၏ အပူချိန်မှာ ၄ဝ ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာမြင့်တက်ခဲ့ခြင်းကြောင့် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ အပူဒဏ် အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်၊ အပူဒဏ်ကြောင့် ကျန်းမာရေး ပြဿနာများဆိုင်ရာ နှိုးဆော်ချက်များ၊ ခရမ်းလွန်ရောင်ခြည် အထူးသတိပေးချက်များ ထုတ်ပြန်ထားရသည်။

''ကျွန်တော်တို့ ယာဉ်တွေကတော့ အကုန်အဲကွန်းဖွင့်မောင်းပါတယ်။ တချို့ အဲကွန်းပျက်တာတို့ သိပ်မအေးတော့ဘူးဆို ဂိတ်ရောက်တာနဲ့ ယာဉ်ပြန်မထွက်တော့ဘဲ ချက်ချင်းပြင်ဆင်တယ်။ ဒါပေမဲ့ ယာဉ်လိုင်းမှာရှိနေတဲ့ တချို့တပတ်ရစ်ကားတွေကတော့ အဲကွန်းမကောင်းတာတွေရှိတယ်။ ရသလောက်တော့ပြင်ဆင်ပြေးဆွဲနေကြပေမဲ့ တချို့ကားတွေရဲ့အဲကွန်းတွေက ပြင်လို့ကိုမရတာတွေလည်း ရှိနေတယ်''ဟု ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင် သောကုမ္ပဏီ YUPT ၏ အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောသည်။

မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲပြေးဆွဲသည့်အချိန်တွင် ယာဉ်ပိုင်ရှင်အများစုသည် YBS ကားများတွင် အပူဒဏ်သက်သာစေရေးနှင့် အဲကွန်းနိုင်နင်းစွာဖွင့်လှစ်ပေးနိုင်ရေးအတွက် နေကာ၊ စတစ်ကာများ၊ လိုက်ကာများတပ်ဆင်ခဲ့ရာ ပြီးခဲ့သည့်နှစ် မေလပိုင်းတွင် YR TA မှ တာဝန်ရှိသူတဦးက ဥပဒေအရ၊ မူအရ ခွင့်မပြုဟုဆိုကာ ပြန်လည်ဖြုတ်သိမ်းစေခဲ့ကြောင်း၊ ယင်းသို့ ပြန်လည်တပ်ဆင်ခြင်းကို ခွင့်ပြုရန် အစည်းအဝေးများတွင် တင်ပြခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

ယာဉ်လိုင်းအားလုံးကို ကားသစ်များ အစားမထိုးနိုင်သေးမီကာလတွင် ခရီးသွားများ၏ လိုအပ်ချက်အရ နေကာ၊ စတစ်ကာများ၊ လိုက်ကာများတပ်ဆင်မှုများကို လိုက်လျောညီထွေစွာ ဖြေလျှော့ပေးသင့်ကြောင်း၊ ယင်းသို့မဟုတ်ပါဘဲ လိုက်လျောညီထွေမရှိသည့်မူများကို ကိုင်စွဲထားမည်ဆိုပါက အခက်အခဲများ ဆက်လက်ရင်ဆိုင်နေရဦးမည်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက သုံးသပ်ကြသည်။

No comments:

Post a Comment