Monday, May 6, 2019

မူဆယ်ပို့မည့်ဂျပ်ဖာအတွင်းမှ ပွိုင့်တူးတူးကျည်ဆန်တောင့် ၅၀၀ သိမ်းဆည်းမိ

မန္တလေးမြို့၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်း ကားဂိတ်တခုကနေ မူဆယ်ကို ပို့ဆောင်မယ့် ပစ္စည်းထုပ်ထဲက ကျည်ဆန်အတောင့် ၅၀၀ သိမ်းဆည်းရမိခဲ့ပါတယ်။ မန္တလေး-လားရှိုး-မူဆယ်သွား၊ သင်္ဂဟကားဂိတ်ကို ပို့ဆောင်လာတဲ့ ဆိုင်ကယ် အပိုပစ္စည်း ပါဆယ်ထုပ်ဂျပ်ဖာထဲက ARMSCOR တံဆိပ်ပါ ပွိုင့်တူးတူး ကျည်ဆန်အတောင့် ၅၀၀ ကို မေလ ၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က  ပြောပါတယ်။



သုံးဘီးဆိုင်ကယ် အငှားယာဉ်တစ်စီးက ဆိုင်ကယ်အပိုပစ္စည်းတွေ မူဆယ်မြို့ကို ပေးပို့မယ်လို့ပြောပြီး သင်္ဂဟ ကားဂိတ် ဂိတ်မှူးဆီအပ်နှံခဲ့ကြောင်း၊ ပေးပို့သူအမည်မှာ ကိုမိုး ဖြစ်ပြီး လက်ခံမယ့်သူအမည်မှာ မနှင်းနှင်းအေး (မူဆယ်နာရီစင်ဂိတ်)ဆီကို လိပ်မူထားတယ်လို့ ဆိုပါတယ်။

အဲဒီဂျပ်ဖာကို ဂိတ်မှူးက မသင်္ကာတဲ့အတွက် စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)ကို သတင်းပေးပို့ခဲ့တာကြောင့် တာဝန်ရှိသူတွေက လာရောက်ဖွင့်ဖောက်စစ်ဆေးတဲ့အခါမှာ ARMSCOR တံဆိပ်ပါ တဘူးကို ပွိုင့်တူးတူး ကျည်ဆန်တောင့် ငါးဆယ်စီပါတဲ့ ဘူး ၁၀ ဘူး၊ စုစုပေါင်း ကျည်ဆံတောင့် ၅၀၀၊ မေ ၃ ရက်နေ့ ရက်စွဲနဲ့ ကိုမိုး အမည်ပါ ရွှေကမ္ဘာဂိတ်မှ ပစ္စည်းပေးပို့တဲ့ လက်ခံဘောက်ချာ တစ်ရွက်နဲ့ ကျည်ဆန် ထည့်တဲ့ ကျည်ဘောက်နှစ်ခုကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ကျည်ဆန်တွေ တွေ့ရှိရတဲ့အတွက် လိပ်စာပါနှစ်ဦးကို လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အရ အမှတ် (၉) ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်က ပြောပါတယ်။

No comments:

Post a Comment