Monday, May 6, 2019

"ပရိသတ်တွေမျှော်လင့်နေတဲ့ ချန်ပီယံဆုယူပေးနိုင်ခဲ့လို့ ဝမ်းသာပါတယ်။"

Image may contain: 3 people, people standingအိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၂၀၁၉အာရှဘိလိယက်နဲ့ အာရှ စနူကာ ယူ-၂၁ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဘိလိယက်ပြိုင်ပွဲမှာ ချန်ပီယံဆုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် နေသွေးဦးကတော့ ဆုဖလားနဲ့အတူ မေ ၅ရက် ညနေပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ေ နသွေးဦးအနေနဲ့ ချန်ပီယံဆုရဖို့ ဘယ်လိုခက်ခဲမှုတွေ ကြုံခဲ့ရလဲ၊ ဆုရရှိတဲ့အတွက် ဘယ်လိုခံစားရလဲ၊ရှေ့ဆက်ဘာတွေ ရည်းမှန်းထားလဲဆိုတာ သိချင်တာကြောင့် ၎င်းအိန္ဒိယမှာ ရှိနေစဉ် မြန်မာတိုင်းမ်နေ့စဉ် အကြီးတန်းအယ်ဒီတာ ဦးဖေဒီက မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါကြောင်း . . .


ကစားသမားဘဝမှာကပ်လွဲခဲ့ရတဲ့ အာရှချန်ပီယံဆုကို အခုဆွတ်ခူးနိုင်တဲ့အတွက် ဘယ်လိုခံစားရလဲ။

အာရှချန်ပီယံဖြစ်ခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ ဒီဆုက ကမ္ဘာ့ပွဲပြီးရင် ဒုတိယအမြင့်ဆုံးဆုပေါ့။ ဒီဆုကို အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက ဆွတ်ခူးနိုင်ဖို့အတွက်ရည်ရွယ်ပြီး ပြိုင်ခဲ့တယ်။ အခု ဆွတ်ခူးနိုင်တဲ့အတွက် ဂုဏ်ယူမိတယ်။

ချန်ပီယံဆုရဖို့အတွက် ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ခဲ့ရလဲ။

အများကြီးကြုံတွေ့ရပါတယ်။ ရန်ကုန်မှာနေပြီး လေ့ကျင့်တာကအစပေါ့။ ဘိလိယက်ခုံတွေက နိုင်ငံတကာအဆင့်မီပေမယ့် ကစားတဲ့ပြိုင်ပွဲအပေါ်မှာ အပြောင်းအလဲတွေဖြစ်တဲ့ အခင်းအသစ်လဲတာတို့ အဲယားကွန်းအေးတာတို့က ကျွန်တော်တို့ကစားနည်းအတွက် တကယ့်ကိုအခက်အခဲအနှောင့်အယှက်ပဲ။ လေ့ကျင့်တဲ့အခါမှာ ဖြစ်သလိုလေ့ကျင့်ပြီး သွားပြိုင်ရင် ဒုက္ခရောက်မယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ အဖွဲ့ချုပ်ဥက္ကဋ္ဌရော၊ အား/ကာက တာဝန်ရှိသူတွေညှိနှိုင်းပြီ အဆင်ပြေအောင် ကူညီပေးခဲ့ကြလို့ အများကြီးအထောက်အကူ ဖြစ်ပါတယ်။ ကျန်းမားရေးအတွက်လည်း အများကြီး ဂရုစိုက်ရတယ်။

အုပ်စုပွဲကနေ ဖိုင်နယ်အထိ ဘယ်လိုပြိုင်ဘက်တွေနဲ့ ပြိုင်ခဲ့ရသလဲဆိုတာပါ သိချင်ပါတယ်။

ဖိုင်နယ်မှာ ယှဉ်ပြိုင်ခဲ့ရတာတော့ ထိုင်းနိုင်ငံက ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ပရာပွတ်ပေါ့။ ဆီးဂိမ်းမှာလည်း အကြိမ်ကြိမ်ချန်ပီယံဖြစ်ခဲ့သူပေါ့။ ဒီပြိုင်ပွဲစပြိုင်တော့ လေးယောက်အုပ်စုမှာ ပရာပွတ်ရယ်၊ အိန္ဒိယက နှစ်ယောက်ရယ် လေးယောက်အုပ်စုယှဉ်ပြိုင်ရတယ်။ ကျွန်တော်က ပရာပွတ်နဲ့ပွဲမှာ (၃ - ၂)နဲ့နိုင်နေတဲအချိန်မှာ ပွဲကအချိန်ပြည့်သွားလို့ ရပ်လိုက်ရတယ်။ နောက်ဆက်ကစားတော့ ကျွန်တော်နိုင်ခဲ့တယ်။ အုပ်စုနောက်ဆုံးပွဲက အိန္ဒိယနိုင်ငံသားတစ်ယောက်နဲ့ပဲ။အဲဒီသူက အာရှချန်ပီယံဖြစ်ဖူးတဲ့ ရူပက်ရှားတို့ ကမ္ဘာ့ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်လေ့ရှိတဲ့ ဒါမနီတို့ကို နိုင်ပြီး ဝင်ခွင့်အောင်ထားတဲ့ သူပါ။ ဘယ်သူ့ကိုမှ လျှော့တွက်လို့မရပါဘူး။ အဲဒီပွဲကို ရှုံးရှုံး၊ နိုင်နိုင်တက်တယ်ဆိုပေမယ့် အနိုင်ကစားပြီး အုပ်စုပထမနဲ့တက်တယ်။ ကျန်တဲ့သုံးယောက် ဆက်ယှဉ်ပြိုင်ရာမှာ ပရာပွတ်က နောက်တစ်ဆင့်တက်လာခဲ့တယ်။ အုပ်စုပွဲတွေပြီးတော့ ကွာတားဖိုင်နယ်မှာ အိန္ဒိယက ဆစ်ဝါလာနဲ့တွေ့တယ်။ ဆစ်ဝါလာက အာရှချန်ပီယံဖြစ်ဖူးတယ်။ အဲဒီပွဲမှာလည်း နိုင်ခဲ့တယ်။ ဆီမီးဖိုင်နယ်မှာ တစ်နိုင်ငံတည်းသား ချစ်ကိုကိုနဲ့ ယှဉ်ပြိုင်ရတယ်။ တစ်နိုင်တည်းသားနှစ်ယောက် ဆီမီးဖိုင်နယ်မှာတွေ့တော့ ဖိုင်နယ်မှာနှစ်ယောက်တွေ့ဖို့ နစ်နာခဲ့တယ်ဆိုပေမယ့် ဗိုလ်လုပွဲကို မြန်မာနိုင်ငံကတစ်ယောက်တက်ဖို့ ကျိန်းသေနေပြီဆိုပြီး စိတ်ဖြေခဲ့တယ်။ အက်ဗာနီကို နိုင်ပြီးတက်လာတဲ့ ပရာပွတ်နဲ့ ဖိုင်နယ်မှာ ထပ်ပြိုင်ရတယ်။ ဖိုင်နယ်မှာ ပရာပွတ်ကလည်း အတော်ကောင်းတယ်။ ဒါပေမဲ့ ကျွန်တော် (၆- ၂)ပွဲနဲ့နိုင်ပြီး ဗိုလ်စွဲခဲ့တယ်။

အဲသလို အဆင့်ဆင့်ကစားခဲ့ရတာမှာ ဘယ်ပွဲက စိတ်အကျေနပ်ဆုံးဖြစ်ခဲ့လဲ။

အုပ်စုပွဲတွေကလွဲပြီးတော့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် ၊ ဖိုင်နယ်ပွဲတွေကစားရတာ အားရမှုရှိပါတယ်။ အုပ်စုပွဲတွေမှာတုန်းက သိပ်ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ တစ်ပွဲထက်တစ်ပွဲတော့ ပိုကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ အားအရဆုံးကတော့ ဖိုင်နယ်ပွဲပါ။

ဟိုတစ်နှစ်က ကာတာမှာ သည်းထိတ်ရင်ဖို နောက်ကနေ လိုက်ပြီး ကစားခဲ့ရတာမျိုးရော ဒီပွဲမှာ ရှိခဲ့သေးလား။

ကွာတားဖိုင်နယ်ပွဲက အမှတ်တရဖြစ်တယ်။ ကာတာမှာလို နောက်ကလိုက်ကစားတာမဟုတ်ဘဲနဲ့ သူတင်ကိုယ်တင် ကစားပြီး ကျွန်တော်က အနီတစ်လုံးပဲဖြစ်ဖြစ်၊အဖြူတစ်လုံးပဲဖြစ်ဖြစ် ၁၅လုံးပဲ ကစားခွင့်ရှိတယ်။ အဲဒီအချိန်မှာ ၁၅လုံးထက်ကျော်ကစားရင် ဖောင်ပေးရတယ်။ ဖြစ်ချင်တော့ ကျွန်တော်က နှစ်လုံးစလုံးကို စည်းထဲမှာစစ်ထားလိုက်တယ်။ အဲဒီမှာအမှတ်က ၅၃မှတ်၊ သူကလည်း ဘောလုံးတစ်လုံးမှ မထိဘဲ သူ့ဘောလုံးကို ကျွန်တော်ကစားလို့မရအောင် အထဲမှာအင်ထားလိုက်တယ်။ အဲဒီမှာသူပေးတဲ့အမှတ်နဲ့ဆိုရင် ကျွန်တော့်အမှတ်က ၅၅ မှတ်ဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော့်အလှည့်ရောက်လာတယ်။ ကျွန်တော်က သူ့အလုံးကို မကစားဘဲနဲ့ အနီတစ်လုံးကို အင်နောက်ထိုးလိုက်တယ်။ အနီတစ်လုံးတည်း ၁၅လုံးထိုးရင် ၄၅မှတ်ရမယ်။ ရထားတဲ့ ၅၅မှတ်နဲ့ပေါင်းရင် ၁၀၀အတိရမယ်။ အဲတာဆို ဂိမ်းတယ်။ အဲလိုဖြစ်ဖို့ ကြိုးစားပမ်းစား ထိုးနေတဲ့ အချိန်မှာ ၁၃လုံးအရောက်မှာ ဒိုင်လူကြီးနဲ့ ပြဿနာတက်တယ်ပြောရမှာပေါ့။ ဒိုင်က အိန္ဒိယက ဒိုင်။တစ်ဖက်က အိန္ဒိယ ကစားသမား။၁၃လုံးထိုးပြီးတဲ့အချိန်မှာ တစ်လုံးကို သုံးမှတ်နဲ့ဆိုရင် ၃၉မှတ်ရတယ်။ နောက်နှစ်လုံးထိုးရင် ၄၅မှတ်အပြည့်ရမယ်။ ၁၅လုံးမကျော်ဘဲ ကျွန်တော်နိုင်မယ်။ ပြိုင်ပွဲမှာ ၁၀လုံးပြည့်ပြီးဆိုင် ဒိုင်က အသိပေးရတယ်။ ဒိုင်ကလည်းအသိပေးတယ်။ ၁၄လုံးထိုးမယ့်အချိန်မှာ သူက နောက်ဆုံးအကြိမ်လို့ ပြောတယ်။ သူပြောပုံဆိုရင် ဒီအလုံးထိုးပီးတာနဲ့ ကျွန်တော်က ထိုးခွင့်မရှိတော့ဘူး။ အဲဒီမှာ ငြင်းကြတာ ပေါ့။အဲဒီမှာ ဥက္ကဋ္ဌကြီးက ဝင်လာပြီးတော့ ဖြေရှင်းပေးလို့ အဆင်ပြေခဲ့တယ်။ အဲဒီပွဲကတော့ အမှတ်တရပဲ။

ကိုနေရခဲ့တဲ့ နိုင်ငံတကာဆုတွေလည်း ပရိသတ်တွေသိရအောင် ပြောပြပါဦး။

အရှေ့တောင်အာရှမှာ ကြေးတံဆိပ်တစ်ခု၊ငွေလေးခုနဲ့ ရွှေတစ်ခုရတယ်။ အာရှအင်ဒိုးပြိုင်ပွဲမှာ ဒုတိယဆုရတယ်။ ၂၀၁၇ခုနှစ်မှာလုပ်တဲ့ ကမ္ဘာ့ပြိုင်ပွဲမှာ တတိယဆုရတယ်။ ၂၀၁၈ခုနှစ် ပြိုင်ပွဲမှာ ဒုတိယဆုရတယ်။ အခု ၂၀၁၉မှာ ချန်ပီယံဖြစ်ခဲ့တယ်။

မနှစ်က ရန်ကုန်မှာလုပ်ခဲ့တဲ့ ကမ္ဘာ့ပြိုင်ပွဲမှာ ဆုချိတ်ခဲ့သလို အခု အာရှပြိုင်ပွဲမှာ ချန်ပီယံထပ်ဖြစ်တဲ့ တိုးတက်မှုက ဘာ့ကြောင့်လို့ ကိုယ့်ကိုယ်ကို မှတ်ချက်ပေးချင်ပါသလဲ။

ကျွန်တော့်ဆရာတွေပြောသလို Pratice makes Perfect ပေါ့ ။တကယ့်ကို လေ့ကျင့်သား ပြည့်ဝနေမှ ဖြစ်မယ့်ကစားနည်းပါ။ အချိန်မပေးနိုင်ဘဲ စိတ်ဝင်တစား မလေ့ကျင့်ဘဲ လက်ရွေးစင်အဖြစ်ပါဘူး။ အချိန်ပေး အပင်းပန်းခံလေ့ကျင့်နိုင်မှ လက်ရွေးစင် ဖြစ်လာမှာပါ။ အဲလိုတိုးတက်အောင် အချိန်ပေးလေ့ကျင့်ရသလို ပြိုင်ပွဲမှာထိုးတဲ့ကစားနည်းတွေ လေ့ကျင့်ခွင့်ရဖို့ စီမံဖန်းတီးပေးတဲ့ အဖွဲ့ချုပ်ကျေးဇူးကြောင့်လည်းပါတယ်။ အပင်းပန်းခံလေ့ကျင့်ခဲ့ရတဲ့အကျိုး အခုခံစားခဲ့ရတာပါ။

ကိုနေရဲ့ အံ့မခန်း တိုးတက်အောင်မြင်မှုတွေအပေါ် ပြိုင်ဘက်တွေကရော ဘယ်လိုမှတ်ချက်တွေပေးခဲ့လဲ။

တိုးတက်လာတဲ့အပေါ်မှာ ကစားသမားတွေက အားပေးကြတယ်။ တအံ့တသြလည်း ဖြစ်ကြတယ်။ ကိုယ့်ရဲ့ကြိုးစားမှုကြောင့် ဘိလိယက်လောကသားတွေအလယ်မှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ပြုခံရလို့ ဝမ်းသာကျေနပ်မိပါတယ်။

လာမယ့်စက်တင်ဘာ မန္တလေးမှာလုပ်မယ့် ကမ္ဘာ့ပြိုင်ပွဲအပေါ် ဘယ်လိုမျှော်လင့်ချက်တွေ မြင့် မားစေပါသလဲ။

အဲဒီပြိုင်ပွဲအတွက် အများကြီးအားရှိစေပါတယ်။ အိမ်ရှင်လည်းဖြစ်တယ်။ ပြိုင်ပွဲဝင်မယ့် ကစားသမားတွေလည်းများတယ်။ ကျွန်တော်တို့ လက်ရွေးစင်အဆင့်အတန်းလည်း အများကြီးမြင့်လာတော့ ပြိုင်ဘက်တွေလည်း အတော်လေးပြင်ဆင်လာကြမှာပါ။ ပြိုင်ပွဲကောင်းကြီး တစ်ပွဲဖြစ်မယ်လို့ မျှောင်လင့်ထားပါတယ်။ ဒီပြိုင်ပွဲမှာ ဘယ်သူဆုချိတ်မယ်ဆိုတာ မသိပေမယ့် မြန်မာတွေလည်း ဆုချိတ်မှာပါ။ အခုသွားပြိုင်ခဲ့တဲ့ ဘိလိယက်ကစားသမားသုံးဦးကလည်း ဘယ်သူကစား၊ ကစား ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တဲ့ အနေအထားရှိပါတယ်။ ကျွန်တော်မှမဟုတ်ဘူး။ ဆီမီးဖိုင်နယ်မှာ ရှုံးသွားတဲ့ချစ်ကိုလည်း ဖိုင်နယ်ရောက်ရင် ပြိုင်ဘက်ကိုအနိုင်ယူပြီး ချန်ပီယံဖြစ်နိုင်တဲ့ လက်စွမ်းရှိသူတစ်ယောက်ပါ။ အုပ်စုကထွက်ခဲ့ရတဲ့ ကိုပေါက်စကလည်း ပရာပွတ်တို့ အက်ဗာနီတို့ကို အနိုင်ယူနိုင်တဲ့ လက်စွမ်းရှိပါတယ်။

ဖြည့်စွက်ပြောချင်တာလေးနဲ့ မြန်မာပြည်က မျှော်နေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင် ပါးပေးပါဦး။

မြန်မာပြည်က တခဲနက်အားပေးတဲ့ ဆရာသမားတွေ၊ ပရိသတ်တွေကတော့ အားရစရာကြီးပါပဲ။ တကယ်လည်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေမျှော်လင့်နေတဲ့ ချန်ပီယံဆုယူပေးနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ နောက်ဆိုလည်း ဘိလိယက်နဲ့စနူကာ ကစားသမားတွေက နိုင်ငံတကာဆုတွေရအောင် အများကြီးကြိုးစားသွားမှာပါ။

No comments:

Post a Comment