Monday, May 6, 2019

သံချောင်းတို့ အမေ

(၁) သံချောင်းတို့အမေ ဆေးရုံ တက်စက သည်လိုမဟုတ်။ ပြုံး ပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမောနှင့် စကားတွေအများကြီး ပြောနေခဲ့ သေးသည်။ ဒေါက်လင်းသည် ဟန်ဆောင်မှုကင်းပြီး ရိုးသားပွင့် လင်းသော ကျေးလက်နေ လယ် တောသူမကြီး၏ ပြောဟန်၊ ဆို ဟန်ကို သဘောကျနှစ်ခြိုက်မိ သည်။ လူနာရာဇ၀င်ဖြည့်သွင်းဖို့ မေးခွန်းတွေ မေးတော့လည်း လယ်သူမကြီးက တပြုံးပြုံးနှင့် စိတ်ရှည်လက်ရှည် ဖြေဆိုခဲ့သေး သည်။



အခုတော့ဖြင့် သံချောင်းတို့ အမေသည် ခွဲစိတ်ခန်းထဲက ခွဲ စိတ်ခုတင်ပေါ်မှာ ၀ူးဝူးဝါးဝါးတွေ အော်လိုက်၊ မျက်ခုံးတွေ၊ မျက် လုံးတွေက အကြောဆွဲသလို တ ဆတ်ဆတ် တုန်ယင်လိုက်၊ သွား စေ့ကာ ပါးစပ်ကြီးရွဲ့စောင်းပြီး တက်သွားလိုက်နှင့် ဖြစ်နေလေ တော့သည်။

(၂) သံချောင်းတို့အမေ၏ နာ မည်က ဒေါ်ဝင်းကြည်ဖြစ်သည်။  အသက်က (၄၄)နှစ်။ ‘‘အသက် ကြီးမှ ကံပေါ်တာကိုး’’ဆိုပြီး ဒေါက်လင်းက စနောက်လိုက် တော့ ဒေါ်ဝင်းကြည်က ရှက်ရယ် ရယ်သည်။ ဟုတ်သည်။ ဒေါ်ဝင်း ကြည်က နေ့စေ့လစေ့လုနီးနီး ကိုယ်ဝန်ကြီးနှင့် ဖြစ်သည်။ ကိုယ် ၀န်ကြီးနှင့် ဒေါ်ဝင်းကြည်ဟု ဆိုရ ပေလိမ့်မည်။

ဒေါ်ဝင်းကြည်မှာ ကိုယ်ဝန် ဆိပ်တက်သည့်ရောဂါ ရှိသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေး ပေါင်းချိန်တက်ပြီး ဆီးထဲတွင် အယ်လ်ဗျူမင်(Albumin) ဟုခေါ် သော ပရိုတိန်းတစ်မျိုးကို တွေ့ရှိ ရလျှင် ကိုယ်ဝန်ဆိပ်တက်သည် ဟု ခေါ်ဆိုသည်။

ကိုယ်ဝန်ဆိပ်တက်သူတို့၏ လက္ခဏာအတိုင်း ဒေါ်ဝင်းကြည် ၏ ခန္ဓာကိုယ်သည် ဖောဖောသွပ် သွပ် ဖြစ်နေသည်။ သူ့မျက်လုံး များသည် ဖောင်းဖောင်းမို့မို့။ သူ့ ခြေထောက်များသည်လည်း အပ် နှင့် ထိုးလိုက်လျှင် ပေါက်ကွဲလု မတတ် ဖောင်းကားနေကြသည်။

ကိုယ်ဝန်ဆိပ်တက်သော မိခင်လောင်းများသည် မွေးချိန်မ တိုင်မီ ကလေးမွေး(Preterm Labour) တတ်ကြသည်။ ပေါင် ချိန်မပြည့်သော ကလေးများ (Low Birth Weight) ကိုလည်း မွေးတတ်သည်။ ၀မ်းကြာငုံအ တွင်းမှ သန္ဓေသားလောင်းသည် အခန့်မသင့်လျှင် ၀မ်းဗိုက်အတွင်းမှာပင် သေဆုံး(Intrauterine Fetal Death) သွားတတ်ကြသည်။ မီးဖွားစဉ်နှင့် မီးဖွားပြီးချိန်တွင် မွေးမိခင်သည် သွေးဆင်းများ (Post-partum Haemorrhage) တတ်သေးသည်။ ကိုယ်ဝန်ဆိပ် တက်ခြင်းသည် မိခင်အတွက်ရော သန္ဓေသားအတွက်ပါ အလွန်အန္တရာယ်များသောရောဂါ ဖြစ်သည်။ ရောဂါလက္ခဏာများကို သေသေချာချာ စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ပါက ခွဲစိတ်မွေးဖွား ရသည်။

ဒေါ်ဝင်းကြည်သည် မြို့မှ အိုဂျီ( သားဖွားမီးယပ်အထူးကု ဆရာဝန်) နှင့် ပုံမှန်ပြသကာ ကု သမှုခံယူနေသူ ဖြစ်သည်။ သွေး ကျဆေးကိုလည်း ပုံမှန်သောက် သည်။ ခန့်မှန်းမွေးဖွားရက် ရောက်ဖို့ တစ်လနီးနီး လိုသေးသည်။ အို ဂျီက ခွဲစိတ်မွေးဖွားရန်ပေးထား သည့် ရက်ချိန်းကလည်း နှစ်ပတ် ကျော်ကျော် လိုသေးသည်။ ကိုယ် ၀န်ဆိပ်တက်သူများသည် အချိန် မရွေး သတိလစ်တတ်သည်ဆို သည်ကိုလည်း ဒေါ်ဝင်းကြည်က ကောင်းစွာ မှတ်သားထားသည်။ ‘‘အဲဒါကြောင့် စိတ်ပူလို့ ဆေးရုံ လာတက်တာ’’ဆိုပြီး ဒေါ်ဝင်း ကြည်က ခပ်ပြုံးပြုံးဆိုသည်။

အလွန်အမင်း စိတ်မပူပန် ဖို့၊ သောက်နေကျ သွေးကျဆေး တွေ ပုံမှန်အတိုင်း ဆက်သောက် ဖို့ ဒေါ်ဝင်းကြည်ကို အားပေးစကားဆိုရသည်။ ဒေါ်ဝင်းကြည်ကို စောင့်ကြည့်ပြီး ခွဲစိတ်မွေးဖွားရ မည့် ရက်ချိန်းနီးလျှင် မမအိုဂျီထံ ပြန်လည်လွှဲပို့မည်ဟု ဒေါက်လင်း ဆုံးဖြတ်လိုက်သည်။

(၃)

‘‘ဆရာ....ဒေါ်ဝင်းကြည် တက်နေလို့’’

တာဝန်ကျအနီဝတ် သူနာ ပြုဆရာမလေး၏ ဖုန်းဆက် သတင်းပို့မှုကို ကြားလိုက်ရချိန်မှာ ဒေါက်လင်း ထူပူသွားသည်။ ဒေါက်လင်း ကောင်းကောင်းသိ လိုက်ပြီ။ နံရံပေါ်က တိုင်ကပ်နာ ရီကို မော့ကြည့်လိုက်တော့ ညဥ့် နက်နက် ၁၂ နာရီကျော်စပြုပြီ။

ဒေါက်လင်းသည် နေအိမ် မှ ဆေးရုံဆီ အမောတကောပြေး သည်။ လူနာခုတင်ပေါ်မှာ ဒေါ်ဝင်းကြည်တစ်ယောက် ခြေကားရား၊လက်ကားရားနှင့် တက်နေသည်။ သူ့တစ်ကိုယ်လုံးလည်း နတ်ကျသလို တဆတ်ဆတ် တုန်ယင်နေ သည်။

 ဒေါက်လင်းလည်း ‘‘မတ် ဆပ် (Magnesium Sulphate ထိုး ဆေး) ရှာယူခဲ့ကြ’’ဆိုပြီး အော်ဟစ်သည်။ လူနာအနားမှာ ၀ိုင်းအုံကြည့်မနေကြဖို့ကိုလည်း ပြောရသည်။ အလုပ်သမား ကောင်လေးကို မီးစက်ပြေးနှိုးဖို့ ပြောလိုက်သည်။ မီးစက်နှိုးပြီး လျှင် အောက်ဆီဂျင်ပေးစက်ဖြင့် ဒေါ်ဝင်းကြည်ကို အောက်ဆီဂျင် ပေးရမည်။

ဒေါ်ဝင်းကြည်၏ ခန္ဓာကိုယ် သည် ရုတ်တရက်ငြိမ်ကျသွားပြန် သည်။ နိမ့်ချည် မြင့်ချည်လှုပ်ရှား နေသော ဒေါ်ဝင်းကြည်၏ ရင် ဘတ်ကိုကြည့်ပြီး အသက်က တော့ ရှူနေသေးသည်ဟု ဒေါက် လင်းတွက်ဆလိုက်သည်။ ခေတ္တ ခဏအတက်ရပ်သွားခြင်း ဖြစ် သည်။ နောက်တစ်ကြိမ် ဗိုက်နာ သည့်အခါ နောက်ထပ်တက် ကောင်းတက်နိုင်သည်ဟု ဒေါက် လင်းတစ်ယောက် ကြိုတွေးထား သည်။

ဒေါ်ဝင်းကြည်သည် အခုမှ သတိဝင်လာသူတစ်ဦးလို ဖြစ်နေ သည်။ သူ့နံဘေးမှ သူ့ယောက်ျား နှင့် အမေဖြစ်သူကို ပြူးကြောင် ကြောင် မျက်လုံးများနှင့် ကြည့် ငေးနေသည်။ ပြီးတော့ ‘‘အမေ့ အမေ့’’ဟု တပြီးငိုသည်။

ဒေါက်လင်းသည် ဇယ်ဆက် သလို အလုပ်လုပ်နေရသည်။ ဒေါ်ဝင်းကြည်၏ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းတို့ ကို စမ်းသပ်သည်။ ဗိုက်ထဲမှ သန္ဓေသားကလေး နှလုံးခုန်၊ မခုန်ကိုလည်း ထရမ်းပက်ဖြင့် နားထောင် ရသည်။ ကလေးနှလုံးခုန်သံကို ကောင်းကောင်းကြားရတော့ စိတ်မောနေသည့်ကြားမှ အနည်း ငယ်စိတ်အေးမိသည်။ အတက် ကျဆေးကို ဒရစ်ပုလင်းထဲမှာ ထည့်ချိတ်လိုက်သည်။ ဆီးပိုက် ကိုလည်း ချက်ချင်းတပ်လိုက် သည်။

သားအိမ်အ၀ကို စမ်းကြည့် တော့ သားအိမ်ပွင့်စ အနေအ ထား။ ကလေးမီးဖွားဖို့ အချိန်များ စွာ လိုသေးသည်။ သားအိမ်ညှစ် လိုက်တိုင်း လူနာတက်နိုင်ချက်  နိုင်သည်ဟု ဒေါက်လင်းတွက်ဆ သည်။ လက်ရှိအခြေအနေဖြင့် လူနာကို အခြားဆေးရုံဆီ လွှဲပို့ လိုက်လျှင် လမ်းတွင်တစ်ခုခုဖြစ် သွားနိုင်သည်။ လူနာကို ချက်ချင်း ခွဲမွေးမှဖြစ်မည်ဟု ဒေါက်လင်း ဆုံးဖြတ်လိုက်သည်။

သူနာပြုဆရာမလေးနှင့် အ လုပ်သမားကောင်လေးကို အမြန် ဆုံး ပစ္စည်း(ခွဲစိတ်ခန်းသုံးကိရိ ယာများ)ပေါင်းဖို့ ပြောရသည်။ ခွဲ စိတ်မွေးဖွားရမည်မို့ သွေးတစ် လုံးရှာမှ ဖြစ်မည်။ ညဥ့်နက်နက် သန်းခေါင်ယံအချိန်မှာ သွေးလှူ ရှင်အသင်းဆီ ဖုန်းဆက်ရသည်။

ဒေါ်ဝင်းကြည်၏ ခင်ပွန်းနှင့် အမေကိုခေါ်ပြီး လူနာအားချက် ချင်းခွဲစိတ်မွေးဖွားဖို့ လိုအပ် ကြောင်း ရှင်းပြရသည်။ ခွဲစိတ်ရာ တွင် အသုံးပြုမည့် ခါးထုံဆေး၊ မေ့ဆေးတို့၏ အန္တရာယ်ကို ကြို တင်ရှင်းပြပြီး ခွဲစိတ်မွေးဖွားဖို့အ တွက် ခင်ပွန်းဖြစ်သူကို လက်မှတ် ထိုးစေပြီး ခွင့်ပြုချက်တောင်းခံ ရသည်။

ခွဲစိတ်ခန်းအတွင်းသို့ မ၀င် မီဒေါ်ဝင်းကြည်သည် သုံးကြိမ်တိတိ တက်သေးသည်။ အတက်ကျ ဆေးတွေ ထိုးရပြန်သည်။ အောက်ဆီဂျင်လည်း ဆက်တိုက်ပေး ထားရသည်။ Duty Off သမား ဖြစ်သည့် အပြာဝတ်သူနာပြု ဆရာမ (အထက်တန်းသူနာပြု) ကိုလည်း ခွဲစိတ်ခန်းထဲမှာ သွေး ပေါင်ချိန်ပေးဖို့ အရေးပေါ်ခေါ် လိုက်ရသည်။

ခွဲစိတ်မှုကို မနက် ၁ နာရီ ခွဲလုချိန်မှာ စတင်နိုင်ခဲ့သည်။ ခါး ထုံဆေးထိုးပြီးပြီးချင်းမှာ ဒေါ်ဝင်း ကြည်၏ သွေးပေါင်ချိန်က ထိုး ကျသွားသည်။ ‘‘အက်ဖဒရင်း (သွေးပေါင်ချိန်တက်စေသည့် ဆေး) ၀မ်းစီစီထိုး’’ ဟု ဒေါက် လင်းအော်လိုက်သည်။ ဒေါ်ဝင်း ကြည်သည် ခွဲစိတ်ခုတင်ပေါ်တွင် မောဟိုက်နေသည်။ ခွဲစိတ်ဓားကို ကိုင်ထားသော ဒေါက်လင်းလည်း စိတ်မောနေသည်။ မေ့ဆေးတာ ၀န်ယူထားသည့် အထက်တန်း သူနာပြုကိုလည်း သွေးပေါင်ချိန် ဆက်တိုက်ပြောပေးဖို့ ညွှန်ကြား ရသည်။

ဒေါ်ဝင်းကြည်၏ သားအိမ် အတွင်းမှ ကလေးလေးကို ထုတ် ယူပြီးချင်းမှာပင် ကလေးက ‘‘အဲ့’’ခနဲငိုလိုက်သည်။ ပြီးတော့ ကလေးက စူးစူးဝါးဝါး ငိုလေတော့သည်။ ကလေးငုံသံကို ကြားလိုက်ရတော့  စိတ်မောနေသည့်ကြားမှ ဒေါက်လင်းပျော်မိသည်။ ကလေးအတွက် စိတ်ချရပြီ။ ကလေးကို ထုတ်ပြီးပြီမို့ မိခင်လည်း နောက်တစ်ကြိမ်တက်ဖို့ အခွင့်အလမ်းနည်းသွားပြီ ဖြစ်သည်။ ဒရစ်ပုလင်းကို ကြွက်မြီး တန်းသည်အထိ ခပ်မြန်မြန်ချထားဖို့ ဒေါက်လင်းက ပြောလိုက်ပါသည်။

ခွဲစိတ်ထားသော သားအိမ် ကို အလွှာလိုက် ပြန်ချုပ်ရသည်။ သွေးထွက်နေသော သွေးကြော များကို ညှပ်ဖြင့် သေသေချာချာ ဖမ်းထားရသည်။ သွေးထွက်များ ပေမယ့် သွေးတစ်လုံး ကြိုတင် ထုတ်ယူခဲ့သည်မို့ တော်ပါသေး သည်။

မနက် ၂ နာရီ ၂၅ မိနစ်တိ တိမှာ ခွဲစိတ်မှု ပြီးစီးသွားသည်။ ဒေါက်လင်းတစ်ကိုယ်လုံးလည်း ချွေးတွေနှင့် ရွှဲရွှဲနစ်သွားသည်။ ဒေါ်ဝင်းကြည်လည်း ကောင်းစွာ သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။ မိခင်ရော ကလေးပါ ကျန်းမာကြ သည်။ စိုးရိမ်ဖွယ်ရာ မရှိတော့။

ဒေါက်လင်းလည်း အခုမှပင် သက်မချနိုင်သည်။ တစ်ချိန်လုံး စိတ်မော၊ လူမောခဲ့ရသမျှ အခုမှ ပြုံးနိုင်တော့သည်။ ခွဲစိတ်မှုမှာ အတူတူပါဝင်ခဲ့ကြသည့် လူနာ ပြု ဆရာမနှစ်ဦးနှင့် အလုပ်သမား လေးတွေကို ကျေးဇူးတင်စကား ဆိုရသည်။ အရေးကြီးလျှင် ကြီး သလို အချိန်မရွေးမငြိုမငြင် ဆောင်ရွက်ပေးကြသည့် တိုက် နယ်ဆေးရုံကလေး၏ ၀န်ထမ်း များကို တကယ်ပင်ကျေးဇူးတင် ရပါသည်။ မိမိတို့အဖွဲ့ကလေး သည် သေးငယ်ပင် သေးငယ် သော်ငြား စုစုစည်းစည်းနှင့် ပူး ပေါင်းဆောင်ရွက်ကြပြီး အစွမ်း ကုန်ကြိုးစားကြသော အဖွဲ့က လေးတစ်ခုဟု တွေးကာ ဒေါက် လင်းကြည်နူးရသည်။

မိခင်ရော ကလေးပါ ကျန်း ကျန်းမာမာ ရှိနေသည်မို့ အားလုံး က ပျော်နေကြသည်။ ဒေါက်လင်း လည်း တကယ်ပျော်ပါသည်။ ဘယ်လောက်ထိ ပျော်သလဲဟု မေးလာပါက တိုက်ပွဲကြီးတစ်ခု ကို အောင်နိုင်ခဲ့သည့် စစ်သူကြီး တစ်ဦးလို ပျော်ပါသည်ဟု ဒေါက် လင်း ဖြေမိပါလိမ့်မည်။ 

(၄) ဒေါက်လင်းတို့ ငယ်ငယ်က တွင်တွင်ပြောခဲ့ဖူးသော စကား တစ်ခွန်းရှိသည်။ ‘ကံကောင်းလို့ မသေ သံချောင်းတို့အမေ’ တဲ့။ မနက်ဖြန် မနက်စောစော ရောင်း လှည့်(လူနာများကို လှည့်ပတ်ကြည့်ရှုခြင်း) သည့်အခါ သေကံမရောက် သက်မပျောက်ခဲ့သော သံချောင်းတို့အမေကို ပြုံး၍ နှုတ်ဆက်ရပေဦးမည်ဟု ဒေါက်လင်း တစ်ယောက် တွေးမိလေသည်။

No comments:

Post a Comment