Monday, May 6, 2019

လက်စတာ တိုက်စစ်မှူးဗာဒီ အန္တရာယ်ပေးနိုင်ဟု မန်စီးတီးနည်းပြ သတိပေး

 ယနေ့ညဥ့်သန်းခေါင်ကျော်တွင် ကစားမည့် ဧည့်သည်လက်စတာအသင်း၌ တိုက်စစ်မှူးဗာဒီကို သတိထားကစားရန် မန်စီးတီးနည်းပြဂွာဒီယိုလာက အသင်းသားများအား ပြောကြားသည်။ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်သည် တံကောက်ကြောဒဏ်ရာကြောင့် သုံးပွဲဆက်လွဲချော်မှုအဖြစ် လက်စတာနှင့်ပွဲကို လွဲချော်မည်ဖြစ်ကာ နောက်ထပ်ကွင်းလယ်လူ ဖာနန်ဒို လည်း ဒူးဒဏ်ရာ ရာနှုန်းပြည့်မကောင်းသေး၍ ပါဝင်ရန် မသေချာဖြစ်နေပြီး ဂိုးသမား ဘရာဗိုရေရှည်အနားယူနေရသည်။



လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက အသင်းတွင် ဒဏ်ရာပြဿနာများမရှိဟု ပြောကြားသည်။ သို့သော်လက်စတာတွင် ဒန်နီရယ်အမာတေနှင့် မက်တီဂျိမ်းစ်တို့ ပါဝင်မည်မဟုတ်ပေ။

လောလောဆယ်တွင် တစ်ပွဲကြိုကစားထားသော လီဗာပူးက ၉၄ မှတ်ဖြင့် ထိပ်ဆုံး၌ နှစ်မှတ်ဖြတ်ထားစဉ် မန်စီးတီးအတွက် လက်စတာကို အနိုင်ရမှသာ ပရီးမီးယားလိဂ်ဖလားမျှော် လင့်ချက်ဆက်ရှိမည်ဖြစ်သည်။ ယခုရာသီယှဉ်ပြိုင်မှုတွင် နှစ်သင်းစလုံးအမှားခံ၍မရ ဖြစ်နေစဉ် ရာသီနောက်ဆုံးပွဲအဖြစ် လီဗာပူးက ဝုဖ်လ်ဗာဟမ်တန်ကို လက်ခံယှဉ်ပြိုင်ရမည် ဖြစ်ကာ မန်စီးတီးက ဘရိုက်တန်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။ လက်စတာနှင့် မကစားမီ ဂွာဒီယိုလာက ‘‘ဗာဒီဟာသူရဲ့ လှုပ်ရှားမှု၊ အဆုံးသတ်ပိုင်းနဲ့ တိုက်စစ်ပိုင်းတွေမှာ မယုံနိုင်စရာကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်’’ ဟု ပြောကြားသည်။ မိမိ အနေဖြင့် လက်စတာသည် တန်ပြန်တိုက်စစ်ဖြင့် အဓိကကစားသောအသင်းဟု ယခင်ကထင်မြင်ခဲ့သော်လည်း နည်းပြသစ်ရော်ဂျာလက်ထက်တွင် အခြားသောပုံစံများဖြင့် ပွဲကိုထိန်းချုပ် ကစားလာကြောင်း ဂွာဒီယိုလာကပြောသည်။ ဗာဒီသည် ယခုရာသီတွင် လက်စတာ၌ ၃၂ ပွဲတွင် ၁၈ ဂိုးသွင်းထားသည်။

No comments:

Post a Comment