Monday, May 6, 2019

အင်ဒိုနီးရှားရွေးကောက်ပွဲ မဲရုံဝန်ထမ်း ၃၁၈ ဦးသေဆုံး၊ နှစ်ထောင်ကျော် နာမကျန်းဖြစ်

ဧပြီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်း ၃၁၈ ဦး သေဆုံးခဲ့ပြီး ၂,၂၃၂ ဦး နာမကျန်းဝေဒနာခံစားခဲ့ရကြောင်း အင်ဒိုနီးရှား ထွေထွေရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။ “ဒီဝန်ထမ်းအများစုက နှစ်ညလုံးလုံးမဲအရေအတွက် အမှားအယွင်းမရှိအောင် အလုပ်လုပ်ရတဲ့ ဖိအားအောက်မှာ နေခဲ့ရတာ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်နာ ပရာမိုနိုတန်တိုဝီက ပြောကြားသည်။



အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီလ ၁၇ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ တစ်ပေါင်းတည်းကျင်းပခြင်းဖြစ်ရာ မဲရုံပေါင်း ၈၀၀,၀၀၀ ကျော်ရှိခဲ့သည်။

ထို့ပြင်ရွေးကောက်ပွဲဝင်သူအရေအတွက်မှာလည်း ၂၄၀,၀၀၀ ထိရှိခဲ့သည်။ သေဆုံးသွားသည့် မဲရုံဝန်ထမ်းများထဲတွင် အနောက်ဂျာဗားပြည်နယ်ရှိ မဲရုံတစ်ခုတွင် တာဝန်ကျသည့် အသက် ၄၀ အရွယ် လုံခြုံရေးဝန်ထမ်းလည်း ပါဝင်သည်။

အဗ္ဗဒူရိုဟင်းမ်ဆိုသူ ၎င်းမှာ မဲရုံလုံခြုံရေးတာဝန်ယူနေစဉ် အင်အားကုန်ခန်းမှုနှင့် နှလုံးနာကျင်မှုဝေနာကြောင့် ဆေးရုံအထူးကြပ်မတ်ကုသဆောင်တင်ခဲ့ရပြီး သေဆုံးသွားခဲ့သည်။

ထို့ပြင်ရွေးကောက်ပွဲအပြီး နောက်တစ်ရက် ဧပြီ ၁၈ ရက်တွင် အသက် ၄၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးမှာလည်း သွေးဖိအားတိုးခြင်းနှင့် အားအင်ကုန်ခမ်းခြင်းတို့ကြောင့် လေးရက်ခန့်ဆေးရုံတင် ကုသခဲ့ရသည်။

အင်ဒိုနီးရှားတွင် ပြဋ္ဌာန်းထားသည့် လက်ရှိရွေးကောက်ပွဲဥပဒေအရ မဲရုံတစ်ရုံတွင် လူဖြင့် မဲရေတွက်မှုကို ရွေးကောက်ပွဲကျင်းပသည့် နေ့ညသန်းခေါင် နောက်ဆုံးထား ရေတွက်ရခြင်းဖြစ်သည်။

ထို့ပြင် အင်ဒိုနီးရှားတရားရုံးချုပ်က ထုတ်ပြန်သည့်အမိန့်ဒီကရီအရ အခြေအနေအရ မဲရေတွက်ချိန်ကို နောက်ထပ် ၁၂ နာရီ တိုးမြှင့်ခွင့်ရှိပြီး မဲရေတွက်မှုကို မရပ်မနားရေတွက်ရမည်ဟု ထုတ်ပြန်ထားကြောင်းလည်း The Straits Times သတင်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment