Monday, May 6, 2019

လက်ရှိဘဏ္ဍာနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလျံ ၂,၀၀၀ ကျော် ထုတ်ချေးမည်ဖြစ်ပြီး ယခင်နှစ်ထက် ကျပ်သန်း ၂၁၀ ပိုမိုထုတ်ချေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လက်ရှိဘဏ္ဍာနှစ်တွင် စိုက်ပျိုး စရိတ်ချေးငွေ ကျပ်ဘီလျံ ၂,၀၀၀ ကျော် ထုတ်ချေးသွားမည်ဖြစ်ပြီး ယခင်နှစ်ထက် ကျပ်သန်း ၂၁၀ ပိုမို ထုတ်ချေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာ၌ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။



၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂,၀၁၇ ဘီလျံ ထုတ်ချေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁,၇၀၇ ဘီလျံသာ ထုတ်ချေးထားသည့် အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလျံ ၂၁၀ အထိ ပိုမိုထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို စပါးသီးနှံ တစ်ဧက ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံများ တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် မေ ၆ ရက်တွင် စတင်ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအတွက် ချေးငွေနှုန်းထားများမှာ စပါးသီးနှံကို တစ်ဧက ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ နှုန်း)၊ အခြားသီးနှံများကို တစ်ဧက ကျပ် ၁၀၀၀၀၀ (တစ်သိန်းနှုန်း) ဖြင့် ယခင်နှစ်ကကဲ့သို့ တောင်သူတစ်ဦးချင်း ၎င်းတို့ ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ -၇) မူရင်းကို ဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူ တစ်ဦးချင်း ကိုယ်တိုင် အာမခံသည့်စနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအစိုးရကာလ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧက ကျပ်တစ်သိန်းမှ တစ်သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်နှစ်သောင်းမှ ငါးသောင်းသို့ လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ်ငါးသောင်းမှ တစ်သိန်းသို့ လည်းကောင်း ချေးငွေနှုန်းထား သုံးကြိမ်တိုးမြှင့်ခဲ့သည်။

၂၀၁၉ ခုနှစ် မိုးချေးငွေထုတ် ချေးရေးကာလနှင့် ပြန်လည်ပေးဆပ်ရမည့်ကာလမှာ ချေးငွေထုတ်ချေးခြင်းကို ၂၀၁၉ ခုနှစ် မေလမှ စက်တင်ဘာလကုန်အထိဖြစ်ပြီး ချေးငွေပြန်လည် ပေးဆပ်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထားပြီး ပေးဆပ်ရမည်ဖြစ်သည်။

တောင်သူများအနေဖြင့် ချေးငွေအဆို ပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အသိပေး နှိုးဆော်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန် စပါးစိုက်ဧက ၁၇ ဒသမ ၉ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်း အနေဖြင့် တန် ၂၅ ဒသမ ၆ သန်းခန့် ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါးဧက ၁၅ ဒသမ ၂၉ သန်း ကျော်၊ နွေစပါးဧက ၂ ဒသမ ၆၁ သန်းကျော် စိုက်ပျိုးရန်လျာထားခဲ့ ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန် အထိ မိုးစပါးဧက ၁၅ ဒသမ ၀၈ သန်းကျော် စိုက်ပျိုးထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၉ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စိုက် ဧက ၁၇ ဒသမ ၇ သန်းကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၈ သန်းကျော်အထိ ရှိသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၆ သန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စိုက် ဧက ၁၇ ဒသမ ၉ သန်းကျော်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါးရေပေး ရာသီအတွက် သိုလှောင်ရေဧက ပေ ပေါင်း ၁၂ ဒသမ ၁၁ သန်းခန့် သိုလှောင်ထားပြီးယခင်နှစ် နွေစပါး စိုက်ဧကထက် ပိုမိုတိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment