Wednesday, May 22, 2019

မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် ချင်းမိုင်ညီလာခံ

လာခံတွင် လိပ်ခဲတည်းလည်း ဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထပ်မံစိုးရိမ်ဖွယ်ရာ ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံကို မေလ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပရာ အပစ်ရပ်အဖွဲ့များအနက် အင်အားအကြီးမားဆုံးနှင့် အစဉ်အလာ အရှိဆုံးဟု သတ်မှတ်ခံ ရသည့်  ကရင်အမျိုးသား အစည်းအရုံး (KNU) က ညီလာခံသို့ တင်ပြလာသည့် အဆိုပြုချက်များ ကြောင့် ဖြစ်သည်။



ကာလအတန်ကြာ ကတည်းက သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင် အဖွဲ့(PPST)မှနုတ်ထွက်ကြောင်း KNU က ညီလာခံသို့ တင်ပြခြင်းအပြင် NCA လက်မှတ်ထိုးအဖွဲ့များသာမက NCA မထိုးရသေးသည့်အဖွဲ့များ၊ အခြားနိုင်ငံရေးဆိုင်ရာ အဖွဲ့များပါ ၀င်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) စုဖွဲ့မှု အသစ်ကို ဖွဲ့စည်း လိုကြောင်း အဆိုပြုခဲ့သည်။

NCA ကို အကောင်အထည်ဖော်ရာတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သဘောထားကွဲလွဲမှုများ၊ NCA လက်မှတ်ထိုးအဖွဲ့ အချင်းချင်းအကြား အမြင်မတူညီမှုများ ဖြစ်ပေါ်နေ၍ တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြေလည်မှုရရှိရေး အဖြေမရှာနိုင်မီ KNU က အဆိုပြုသည့်   စုဖွဲ့မှုအသစ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုရှုပ်ထွေးသွားမည်ကို ဆွေးနွေးရေး ကိုယ်စားလှယ် အချို့က စိုးရိမ်ကြောင်း မှတ်ချက်ပေးသည်။

 KNU လိုလားသည့် PPCM စုဖွဲ့မှုအသစ်သည် စိတ်ကူးယဉ်ထားသည့် အဆိုပြုချက်ဟု NCA လက်မှတ်ထိုးအဖွဲ့ တစ်ခုဖြစ်သည့် ၀ါရင့်လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည့် ပအိုဝ်းအဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

‘‘အဲဒါက တစ်ဆို့မှု ရှင်းတာမဟုတ်ဘဲနဲ့ ကြီးထွားတဲ့ တစ်ဆို့မှု တစ်ခုကို ထပ်ပြီးတော့ မိတ်ဆက်ပေးသလို ဖြစ်သွားနိုင်တယ်လို့ စိုး

ရိမ်ပူပန်လို့ပြောတာပါ’’ ဟု ၎င်း ကဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ဆို့မှု၏ အစသည် ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး မတိုင်မီကတည်းက ဖြစ်သည်။

နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အဆိုပြုချက်များနှင့် ပတ်သက်ပြီး မပြေလည်မှုများ ရှိနေချိန် ငြိမ်းချမ်းရေးလုပ်ငန်း အသက်ဆက်ရန် ရည်ရွယ်၍ ၂၀၁၈ ဇူလိုင်က ကျင်းပခဲ့သော   ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ပြီးကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မပြေလည်မှုများ ပို၍ ဖြစ်ပေါ်ခဲ့သည်။

တပ်မတော်က အဆိုပြုခဲ့သည့် ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စကို နိုင်ငံရေး သဘောတူညီချက်တွင် ထည့်သွင်းရေးကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကို အကောင်အထည် ဖော်ရေးကိစ္စ က မပြေလည်မှု ဖြစ်ပွားရခြင်း၏ အဓိက အချက်များ ဖြစ်သည်။

 ယင်းမပြေလည်မှုများကို အကြောင်းပြုပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးအဖွဲ့များအနက် အင်အားအကြီးဆုံးဖြစ်သည့် ကရင်အမျိုး သားအစည်းအရုံး (KNU)သည်၂၀၁၈ နှစ်ကုန်ကစ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့ရာ  NCA အရဆောင်ရွက်နေသည့် ဆွေးနွေးရေးယန္တရားများ အားလုံးရပ်တန့်သွားသည်။ 

 အလားတူ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS) ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးအချို့တွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့သည်။

ထို့ကြောင့် NCA အကောင်အထည်ဖော်မှုတွင် အရေးပါသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)၊ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေး ကော် မတီ(JMC) လုပ်ငန်းများ ရပ်ဆိုင်း ခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း KNUဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထား ပြီး NCA လက်မှတ်ထိုး

ထိပ်သီး ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ လုပ်ငန်းများလည်း ရပ်တန့်ခဲ့သည်။  အကြောင်းမှာ KNU က PPST နှင့် ပူးပေါင်းဆောင်ရွက်မှု သဘေားထားကို ပြောင်းလဲခြင်း ကြောင့် ဖြစ်သည်။ PPST တွင် ပါဝင်နေသည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနေရာတွင် အ ထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို အစားထိုးခဲ့သည်။

ထိုအခြေအနေတွင် ကျန်အပစ်ရပ်အဖွဲ့များ၏ အကြိမ်ကြိမ် မေတ္တာရပ်ခံမှုကြောင့် PPST အထူးအစည်းအဝေး၊ ထိုမှတစ်ဆင့် မေလ ၁၄ ရက်နှင့် ၁၈ ရက်တွင် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံကို ချင်းမိုင်မြို့၌ ကျင်းပနိုင်ခဲ့ ခြင်း ဖြစ်သည်။

ချင်းမိုင်ညီလာခံသည် တိုင်းရင်းသားအဖွဲ့ အချင်းချင်းအကြား ညီညွတ်မှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှု အဖြေရှာရန် ရည်မှန်းခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ဟုဆိုရမည် ဖြစ်သည်။

KNU အဆိုပြုချက်အပေါ် ကျန်အပစ်ရပ် အဖွဲ့အများစုက သဘောမတူဘဲ PPST စုဖွဲ့မှု ဆက်လက်ထားရှိရန် လိုလားကြသည်။

PPST စုဖွဲ့မှုကို ပြန်လည်အားကောင်းစေရေး   KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား နာယကအဖြစ်ထားရှိကာ PPST အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်အား

လည်းကောင်း၊ ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအား လည်းကောင်း တာဝန်ပေးအပ် ရန် စဉ်းစားမှု အချို့ရှိသည်ဟု သတင်းထွက်ခဲ့သည်။

ညီလာခံ နောက်ဆုံးနေ့တွင် ဆွေးနွေးညှိနှိုင်းမှုများအရ   PPST စုဖွဲ့မှုကို ဆက်လက်ထားရှိရန်၊ KNU ၏ နုတ်ထွက်စာကို ဆိုင်းငံထားရန်နှင့် KNU က အဆိုပြုသည့်PPCM စုဖွဲ့မှု အသစ်လုပ်ဆောင်ရန်  သင့်၊ မသင့် လေ့လာရန်   ဆုံးဖြတ်ခဲ့သည်။   

‘‘ပိုမိုကြီးမားတဲ့ တစ်ဆို့မှု ဖြစ်ဖို့ အန္တရာယ်ကတော့ တော်တော် လေးနီးကပ်သွားတယ်ဗျ။သို့သော်လည်းပဲ အဲဒါကို ရှောင်နိုင်ပြီးတော့ ယာယီပေါ့ဗျာ ယာယီကာလ အပိုင်းအခြား တစ်ခုအထိ ရှောင်တိမ်းနိုင်ပြီးတော့ တစ်ဆို့မှုကို အဖြေရှာဖို့ အလုပ်အဖွဲ့ကို ဖွဲ့နိုင်တယ်။ အလုပ်အဖွဲ့ကို ကွပ်ကဲဖို့ကလည်း မူလက ရှိထားပြီးသား PPST အစုအဖွဲ့ကို ဆက်လက်ထားရှိဖို့ အများသဘော တူတာပေါ့’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

PPCM ဖွဲ့စည်းလိုသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် KNU ခေါင်းဆောင်အချို့ထံအဆက်အသွယ် မရသော်လည်း ညီလာခံအပြီး ထုတ်ပြန်သည့် KNU ၏ ကြေညာချက် တွင်မူ   ၂၀၂၀ မတိုင်မီနှင့် အလွန်ကာလ နိုင်ငံရေး ဆွေးနွေးပွဲများ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ပြုလုပ်နိုင်ရန်၊ NCA အကောင်အထည် ဖော်မှုကို ပိုမိုအားကောင်းစေခြင်းနှင့်အတူ ယုံကြည်မှု တည်ဆောက်ခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင် အထည် ဖော်နိုင်ရေးအတွက် ဖြစ်သည်ဟု ဖော်ပြထားသည်။

KNU အဆိုပြုချက်နှင့် ပတ်

သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘‘PPST တောင်မှ အပြစ်တင်စရာ တွေ အများကြီးဖြစ်တဲ့ဟာကို အင်မတန်မှ ရှုပ်ထွေးပွေလီတဲ့ ဖြစ်စဉ် နဲ့လုပ်မယ်၊ ပြုမယ် ဒီစိတ်ကူးယဉ် ထားတဲ့ ပရိုပိုဇယ် တစ်ခုကတော့ ကျွန်တော်ထင်တယ် အချိန်အ များကြီး ယူရမယ်။ နောက်ပြီး တော့ အခက်အခဲလည်း အများကြီးဖြစ်နိုင်တယ်’’ ဟု မှတ်ချက်ပေးသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ PPCM ဖွဲ့စည်းလိုမှုနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေး၍ ဝေဖန်လိုခြင်းမရှိဟု ဆိုသည်။

‘‘PPST ကနေ PPCM ဖွဲ့ချင်တယ်ဆိုတာ သူတို့သဘောထားတွေပဲ သိရတယ်။ ဒါလည်း သဘောတူညီတဲ့ အဖွဲ့တွေရှိသလို မတူညီတဲ့ အဖွဲ့တွေလည်း ရှိတယ်လို့  သိရတယ်။  အသေးစိတ်မသိရသေးလို့ အဲဒီဟာနဲ့ ပတ် သက်လို့ ဝေဖန်စရာမရှိပါဘူး’’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ ဦးဆောင်မှုအောက်တွင် ဆက်လက်ဆောင် ရွက်လျက်ရှိသည်ဟု ၎င်းကပြောသည်။ NRPC သည် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များ ပါဝင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ချင်းမိုင်ထိပ်သီးညီလာခံ အနေဖြင့်လည်း NCA အကောင်အထည် ဖော်မှုအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြေရှင်းကျော်လွှားနိုင်ရေး ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးလုပ်ငန်း စဉ်တစ်ရပ် စနစ်တကျရေးဆွဲချ မှတ်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ဆွေးနွေးသဘော တူညီမှုရယူမည်ဟု ကြေညာချက် ထုတ်ပြန် သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၂၀ ထက် နောက်မ ကျဘဲ ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့်  ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ သဘောတူညီမှု ချမှတ်လိုကြောင်း မကြာခဏ ပြောကြားထားသည်။ ၂၁ ရာစုပင်လုံ ညီလာခံများ ကျင်းပနိုင်မှ ယင်းသဘောတူညီချက်များ ချမှတ်နိုင်မည်ဖြစ်ရာ အစိုးရက ယခုနှစ် ဇွန်လကုန်တွင် ၂၁ ရာစု ပင်လုံညီလာခံ လေးကြိမ်မြောက် အစည်းအဝေး ကျင်းပလိုနေသည်။

ချင်းမိုင်ညီလာခံ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်ဟံသာကလည်း ‘‘ကျွန်တော်တို့လည်း ၂၁ ပင်လုံကို လုပ်လိုပါတယ်’’ ဟု မှတ်ချက်ပေးသည်။

၂၁ ရာစုပင်လုံ  ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်ဆို့မှု ဖြစ်ပေါ်စေသည့်  ကိစ္စများအပေါ် နားလည်မှု ရရန်လိုသည်ဟု ဆိုသည်။

‘‘အဓိက တစ်ဆို့နေတာက ၂၁ ပင်လုံ တတိယ အကြိမ်တုန်းကလေ လုံးဝမခွဲထွက်ရဆိုတဲ့ ကိစ္စနဲ့ တစ်ခုတည်းသော တပ်မတော်၊တစ်ခုတည်းသော တပ်မတော် ဆိုရင်လည်း DDR ကျွန်တော်တို့ကိုပဲ  လက်နက်စွန့်ရမယ်ဆိုတဲ့ ပုံစံမျိုးကို တစ်ဖက်က ရပ်တည်နေတော့ တစ်ဆို့မှုတွေ ဖြစ်သွားတာပေါ့။ မပြေလည်နိုင်တာပေါ့’’ဟု နိုင်ဟံသာက ပြောသည်။

လက်ရှိအစိုးရ၏  ရည်မှန်းချက်ဖြစ်သော ၂၀၂၀ မတိုင်မီ ဖက်ဒရယ်အခြေခံမူများ ချမှတ်နိုင်ရေး တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်မှုသည် အခရာကျသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

‘‘အဲဒါကို ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုရင် တပ်မတော်ကို လက်ညှိုးထိုးလိုက်၊ ဟို တစ်ဖက်ကို လုံခြုံရေးကဏ္ဍကို လက်ညှိုးထိုးလိုက် အဲဒီလို လက်ညှိုးထိုးနေမယ်ဆိုရင်တော့ တိုင်းရင်းသားတွေကကော ဖက်ဒရယ် တကယ်လိုချင်ရဲ့လားဆိုတဲ့ မေးခွန်းပြောင်းပြန် ကောင်တာ Question တွေ ဖြစ်လာနိုင်တယ်’’ ဟု ၎င်းကဆိုသည်။

တပ်မတော်အနေဖြင့် ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်တွင် ထည့်သွင်းရန်နှင့် တစ်ခုတည်းသော တပ်မတော်ကို ချက်ချင်းလက်ခံ ရန်  တောင်းဆိုတင်ပြခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့စေခဲ့သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။

‘‘တစ်ဆို့သွားနိုင်တယ်ဆိုတာ သိပြီးတော့ တင်ပြတဲ့ဟာတွေ ပေါ့’’ ဟု ၎င်းကဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက ‘‘တစ်ဆိုတာတွေ တင် တယ်ဒါကြောင့် ဆွေးနွေးဖြေရှင်းမှု မလုပ်ဘဲနဲ့ ဘေးထွက်မယ်ဆို လည်း ဘေးထွက်တဲ့လူလည်း တစ်ဆို့မှု လုပ်တာနဲ့ အတူတူပါပဲ’’ ဟု ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဆိုင်ရာ တရားဝင် ဆွေးနွေးပွဲများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် KNU အဖွဲ့နှင့်ပတ်သက်ပြီး မှတ် ချက်ပြုသည်။

NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရှိသည့် စဉ်းစားချက်များ မတူညီကြဟု ယခင်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သူ ဒေါက်တာမင်းဇော်ဦးက ပြောသည်။‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  မြန်မြန်သွားမလား၊ နှေးနှေးသွား မလားဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် စဉ်းစားပုံတွေ မတူကြဘူး။ နောက်တစ်ခုက အဖွဲ့အစည်းတစ်ခုရဲ့ အတွင်းကိစ္စ၊ အဖွဲ့အစည်းတစ်ခုရဲ့ တချို့ အကြောင်းအရာတွေကြောင့်  တခြားအဖွဲ့အစည်းအပေါ် ဘယ်လောက်ရိုက်ခတ်မလဲ ဆိုတာအပေါ်မှာ လည်း စဉ်းစားစရာလည်း ရှိတယ်’’ဟု ၎င်းက ဆိုသည်။

KNU အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် အခင်းအကျင်းသည် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် များစွာအရေးပါနေသည် ဟု ဒေါက်တာမင်းဇော်ဦးက ပြော သည်။

NCA လမ်းကြောင်းနှင့်ပတ် သက်ပြီး သဘောထားကွဲလွဲမှုများ KNU အဖွဲ့အတွင်း ဖြစ်ပေါ်နေ သည်ဟု ယင်းအဖွဲ့ ကိုယ်စားလှယ်အချို့က ထုတ်ဖော်ပြောကြားမှု များ ရှိသည်။ လေ့လာသူအချို့က လည်း KNU အတွင်း သဘောထားတင်းမာသည့် အုပ်စုနှင့် သဘောထားပျော့ပျောင်းသည့် အုပ်စုနှစ်ခုကွဲနေသည်ဟု မှတ်ချက်ပြုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM)  ကိစ္စကိုပင် KNU ထိပ်ပိုင်းခေါင်းဆောင်အတွင်း သဘောထားကွဲလွဲနေသည်ဟု ဆွေးနွေး ရေး ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

‘‘အဲဒါလွန်ဆွဲပွဲတွေ ဖြစ်နေတယ်။ သူတို့ အချင်းချင်းက ပိုခက်တာပေါ့။ အဲဒီတော့ ဆက်တော့ စောင့်ကြည့်ရမှာပေါ့’’ ဟု ၎င်း ကဆိုသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းတို့သည် ချင်းမိုင်ထိပ်သီးအစည်း အဝေးမတိုင်မီ တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ နှစ်ဦးက ပြောကြားသည်။

‘‘သူတို့(KNU) ပထမ အဆိုပြုတာက  မြန်မြန်ပြီးချင်တဲ့အ တွက် ကာကွယ်ရေး ဦးစီးချုပ်တို့၊ ဒေါ်အောင် ဆန်းစုကြည်တို့နဲ့ သူတို့က တွေ့ပြီးမြန်မြန်ဆွေးနွေး ချင်တယ်လို့ပြောတာ’’ဟု ဆွေးနွေးရေး ကိုယ်စားလှယ်တစ်ဦးက  ပြောသည်။

KNU အဖွဲ့အကြားသာမက  တိုင်းရင်းသား အဖွဲ့များအကြား ၌ပါ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသော PPCM စုဖွဲ့မှု အသစ်ဖွဲ့စည်းရေး၊ မဖွဲ့စည်းရေး သည့် မကြာမီ ထပ်မံကျင်းပမည့် အပစ်ရပ် ၁၀ ဖွဲ့ ထိပ်သီးညီလာခံ ဒုတိယပိုင်းတွင် အဆုံးအဖြတ် ပြုလုပ်မည် ဖြစ်သည်။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် မည်သို့သော အခက်အခဲများ ကြုံသည်ဖြစ်စေ သမိုင်းဝင် သဘောတူညီချက် ဖြစ်သည့်  NCA အကောင်ထည်ဖော်မှုကို အားမလျှော့သင့်ကြောင်း ဒေါက်တာမင်းဇော်ဦးက အကြံပြုတိုက် တွန်းသည်။

‘‘ဒီသဘောတူညီချက် အ ကောင်အထည်ဖော်ရေးကို အသက်ပြန်သွင်းမှကိုရမယ်။  အခုလိုမျိုး ခပ်အေးအေးထားလို့ မရဘူး’’ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

No comments:

Post a Comment