Tuesday, June 18, 2019

မြန်မာ့စောင်းတူရိယာအကြောင်းကိုအခြေခံ၍ မြန်မာဂျပန် ပူးပေါင်းရိုက်ကူးထားသည့်ဇာတ်ကား ယခုနှစ်အတွင်းပြသရန်စီစဉ်မည်

မြန်မာ့စောင်းတူရိယာအကြောင်းကို အခြေခံကာ မြန်မာဂျပန် ပူးပေါင်းရိုက်ကူးထားသည့် ဇာတ်ကားအားယခုနှစ်အတွင်းပြသရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကားကို ဒါရိုက်တာအကယ်ဒမီ အောင်ကိုလတ်နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းရုပ်ရှင်ကုမ္ပဏီတို့ ပူးပေါင်းကာဖန်တီးထားခြင်း ဖြစ်သည်။ သရုပ်ဆောင်များအဖြစ် ဂျပန်မင်းသားနှင့်မြန်မာမျက်နှာသစ် သရုပ်ဆောင်တစ်ဦးတို့ အဓိကပါဝင်ထားကာ သရုပ်ဆောင်အများအပြား ပါဝင်ထားသည်။ ယင်းဇာတ်ကားကို ၂၀၁၉ ခုနှစ်အတွင်း ပြသမည်ဖြစ်ကာ နိုင်ငံတကာတွင်ပြသရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အောင်ကိုလတ် motion picture အနေနဲ့ပထမဆုံး ဇာတ်ကားကယန်းအလှကိုဖန်တီးခဲ့ပြီး နိုင်ငံအများအပြားမှာ ပြသခွင့်ရခဲ့သလိုပြည်တွင်းမှာလည်း ဆုတွေရခဲ့တယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရခဲ့တယ်။ အဲဒါတွေနဲ့အတူ တန်ဖိုးရှိတဲ့ နောက်ထပ်အခြေအနေက ကယန်းလူမျိုးတွေက ကျွန်တော်တို့တိုင်းရင်းသားတွေဆိုတာကို ကမ္ဘာကသိသွားတယ်။ တခြားနိုင်ငံတွေမှာ ကမ္ဘာလှည့်ခရီးသွားတွေကိုပြသထားတဲ့ ကယန်းရွာက ကယန်းတိုင်းရင်းသား တွေကမြန်မာနိုင်ငံကို ပြန်လာကြလို့ သူတို့ဆီကစခန်းတွေ ပိတ်လိုက်ရတယ်။ မြန်မာနိုင်ငံမှာ ကယန်းတိုင်းရင်းသားတွေ စုစည်းနေတဲ့နေရာတွေ၊ ရိုးရာဈေးဆိုင်တန်းတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဖိတ်ခေါ်နိုင်တဲ့နေရာတစ်ခု ဖြစ်ခွင့်ရလာတယ်။ အခုလည်းမြန်မာ့စောင်းတူရိယာကို ကမ္ဘာကသိစေဖို့ ဇာတ်ကားတစ်ကား ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဂျပန်နဲ့ပေါင်းပြီး ရိုက်ထားတာပါ။ ဂျပန်ကဒုတိယထိပ်တန်းရုပ်ရှင် ကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီး ရိုက်ထားပါတယ်။ မင်းသားကတော့ ဂျပန်မင်းသားပါ။ မင်းသမီးကတော့ မြန်မာမျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ကို ထည့်သွင်းပါဝင်ထားစေပါတယ်။ အချိန်သုံးနှစ်လောက်ယူပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပါ။ အခု ၂၀၁၉ မှာတော့ ရုံတင်ပြသဖို့ ပြင်ဆင်ထားပါတယ်” ဟု ဒါရိုက်တာအောင်ကိုလတ်က ဆိုသည်။

ဒါရိုက်တာအောင်ကိုလတ်သည် ပထမဆုံးရုပ်ရှင်ဇာတ်ကား ကယန်းအလှကိုဖန်တီးခဲ့ပြီးဖြစ်ကာ ယင်းဇာတ်ကားမှာပြည်တွင်းတွင်လည်း အကယ်ဒမီထူးချွန်ဆုများစွာ ရရှိခဲ့သည်။ ထို့အပြင်နိုင်ငံတကာရုပ်ရှင်ပွဲတော်များစွာတွင်လည်း ပြသခွင့်ရခဲ့ပြီး ဆုများလည်း ရရှိခဲ့သည်။ ယခုအခါ ဒုတိယမြောက်ဇာတ်ကားအဖြစ် စောင်းတူရိယာကိုအခြေခံသည့်ဇာတ်ကားအား ဖန်တီးထားခြင်းဖြစ်ကာ နိုင်ငံတကာတွင်ပြသသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment