Tuesday, June 18, 2019

အိန္ဒိယလွှတ်တော်အမတ် ၄၃ ရာခိုင်နှုန်းနီးပါး ရာဇဝတ်မှုစွဲချက်များဖြင့် ရင်ဆိုင်နေရ

အိန္ဒိယရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘီဂျေပီပါတီ အောင်ပွဲခံနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲကို ငွေကြေး၊ အာဏာ၊ သံသယဖြစ်စရာ လုပ်ရပ်များဖြင့် လွှမ်းမိုးခဲ့သလောဟု မေးခွန်းထုတ်စရာများလည်း မြင့်တက်လျက်ရှိသည်။ ဇွန် ၁၇ ရက်တွင် အစိုးရသစ် ပထမဆုံးအကြိမ် အောက်လွှတ်တော်စတင်ရာ၌ လွှတ်တော်အမတ် ၄၃ ရာခိုင်နှုန်းနီးပါးသည် ရာဇဝတ်မှုစွဲချက်များဖြင့် ရင်ဆိုင်နေရသူများဖြစ်သည်။



စွဲချက်များနှင့် ရင်ဆိုင်နေရသူများအနက် လေးပုံတစ်ပုံကျော်သည် အဓမ္မမှု၊ လူသတ်မှု၊ လူသတ်ရန် အားထုတ်မှုများဖြင့် စွဲဆိုခံထားရခြင်းဖြစ်ကြောင်း "ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး" အမည်ရှိ အရပ်ဘက်အဖွဲ့အစည်း၏ စာရင်းက ဖော်ပြသည်။

အိန္ဒိယနိုင်ငံရေးသမားများနှင့် ပတ်သက်နေသော အမှုအခင်းပေါင်း သန်း ၃၀ ကျော်ရှိနေပြီး အမှုအခင်းများသည် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်တတ်သည်။ အမှုဖွင့်ခံရလျှင် နိုင်ငံရေးအကွက်ချလုပ်ကြံခြင်းဟု နိုင်ငံရေးသမားအများစုက တုံ့ပြန်ပြစ်တင်တတ်ကြသည်။

အိန္ဒိယတည်ဆဲဥပဒေအရ ထောင်ဒဏ်နှစ်နှစ်နှင့်အထက် ကျခံနေရသူများကိုသာ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခွင့်ရှိသည်။ ၂၀ဝ၄ ခုနှစ်က အမှုအခင်းရင်ဆိုင်နေရသည့် လွှတ်တော်ကိုယ်စားလှယ် ၂၄ ရာခိုင်နှုန်း၊ ၂၀ဝ၉ တွင် ၃၃ ရာခိုင်နှုန်း၊ ၂၀၁၄ တွင် ၃၄ ရာခိုင်နှုန်း၊ ၂၀၁၉ တွင် ၄၃ ရာခိုင်နှုန်းထိ များသထက် များလာသည်ကို တွေ့ရကြောင်း ရွေးကောက်ပွဲကော်မရှင်နာဟောင်း ရှာဟာဘူဒင် ကွာရာရှီက ပြောသည်။

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီများ၏ ရုံးခန်းများတွင် ငွေသား၊ အရက်၊ ရွှေ၊ ငွေ၊ ဆာရီနှင့် တန်ဖိုးကြီး လက်ပတ်နာရီများကို ရွေးကောက်ပွဲ ကော်မရှင်နှင့် အစိုးရအေဂျင်စီများက သိမ်းဆည်းရမိခဲ့ပြီး မဲဝယ်ရန် အသုံးချမည့် ပစ္စည်းများဖြစ်သည်။

သိမ်းဆည်းရမိသော တန်ဖိုးစုစုပေါင်း ဒေါ်လာ သန်း ၅၀ဝ ကျော်ဖိုးရှိပြီး ငွေသားချည်း ဒေါ်လာ သန်း ၁၂၀ ပါဝင်သည်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကာလက သိမ်းဆည်းရမိသည့်ပမာဏထက် သုံးဆပိုများလာကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

No comments:

Post a Comment