Tuesday, June 18, 2019

အရေးပေါ်သတိပေးစနစ်ချို့ယွင်းချက် ကိုင်တွယ်ပုံမှားယွင်းခဲ့ကြောင်း ဘိုးရင်းစီအီးအို ဝန်ခံ

ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်များ အရေးပေါ်သတိပေးစနစ် ချို့ယွင်းချက်ကို ဘိုးရင်းအင်ဂျင်နီယာများ ကိုင်တွယ်ပုံမှားယွင်းခဲ့ကြောင်း ဘိုးရင်းအမှုဆောင်အရာရှိချုပ် ဒဲနစ် မူလန်ဘာ့ဂ်ျက ဝန်ခံပြောကြားလိုက်သည်။ေ လယာဉ်ခေါင်းစိုက်ဆင်းစေသည့် အရေးပေါ်စနစ်ချို့ယွင်းချက်ကြောင့် ၇၃၇ မက်စ်လေယာဉ်နှစ်စင်း ပျက်ကျကာ လူ ၃၄၆ ဦး သေဆုံးခဲ့ရသည်။ ၇၃၇ မက်စ်လေယာဉ် အရေးပေါ်သတိပေးစနစ်သည် ရည်ရွယ်ထားသည့်အတိုင်း အလုပ်မလုပ်ဘဲ ချို့ယွင်းနေခြင်းကို ဘိုးရင်းက တစ်နှစ်ကျော်လောက်ကြာအောင် အသိမပေးဘဲ ဖုံးဖိထားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) ကလည်း ပြစ်တင်ပြောကြားခဲ့သည်။



"သတိပေးစနစ် အလုပ်လုပ်ပုံ မှားယွင်းခဲ့သလို၊ လေကြောင်းအာဏာပိုင်အဖွဲ့တွေ၊ ဖောက်သည်တွေနဲ့ အများပြည်သူကို ဘိုးရင်းက ဆက်သွယ်သတင်းပေးတဲ့နေရာမှာလည်း လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ တကယ့်ကို လက်မခံနိုင်စရာ အခြေအနေပါပဲ" ဟု မစ္စတာ မူလန်ဘာ့ဂ်ျက ပြောသည်။

အီသီယိုးပီးယား လေကြောင်းလိုင်း လေယာဉ်နှင့် အင်ဒိုနီးရှား လိုင်းယန်းအဲ လေယာဉ်တို့ကို ပျက်ကျစေခဲ့သည့် ဆော့ဖ်ဝဲအသစ်နှင့် ပတ်သက်ပြီး ဘိုးရင်းက ၎င်းတို့ကို သတင်းအချက်အလက် ပြည့်စုံစွာ မပေးခဲ့ကြောင်း အမေရိကန် လေယာဉ်မှူးများကလည်း ဝေဖန်ပြစ်တင်လျက်ရှိသည်။

ယင်းလေယာဉ်နှစ်စင်းပျက်ကျမှုတွင် လေယာဉ်ခေါင်းထောင်တက်မှု ထိန်းချုပ်သည့် ဆော့ဖ်ဝဲသည် ကောင်းစွာအလုပ်မလုပ်ဘဲ လေယာဉ်ကို ဦးစိုက်ထိုးဆင်းရန် အလိုလျောက်ညွှန်ကြားခဲ့သဖြင့် လေယာဉ်မှူးများက လေယာဉ်ကို အချိန်မီ ခေါင်းပြန်မတ်ရန် မတတ်နိုင်ဘဲ ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်များ ပျံသန်းခွင့်ပိတ်ခံထားရကာ ရပ်နားထားရသည်မှာ သုံးလကျော်လာပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ပျံသန်းခွင့် ပြန်လည်ရရှိရန် ကြိုးပမ်းနေသည်ဟုလည်း ဘိုးရင်းက ထုတ်ပြန်သည်။

No comments:

Post a Comment