Tuesday, June 18, 2019

မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများ စတင်ရောင်းချ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းတွေ ဝယ်ယူဖို့ လျှောက်လွှာတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဓမ္မာရုံမှာ ဇွန်လ ၁၇ ရက်က စတင် ရောင်းချပေးနေပြီဖြစ်ပါတယ်။ ဒီတခါ ရောင်းချပေးမယ့်တိုက်ခန်းတွေဟာ မန္တလေးခရိုင် ၆ မြို့နယ်မှာရှိတဲ့ အရပ်ဘက် ၀န်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေကိုပဲ ရောင်းချပေးမှာဖြစ်ပြီး ရဲနဲ့တပ်မတော်သားတွေအတွက် တော့ ရောင်းချပေးဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။



ဒီနှစ်မှာတော့ ပြည်တွင်းအခွန်ဦးစီးဌာနကို တိုက်ခန်းတန်ဖိုးထဲက ၃ ခိုင်နှုန်း အခွန်ပေးသွင်းရမှာဖြစ်တဲ့အတွက် ဈေးအနည်းငယ်မြင့်တက်မှာဖြစ်ပြီး ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူနိုင်မယ်လို့ စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

ဒီတိုက်ခန်းတွေအတွက် လျှောက်လွာတွေကိုတော့ ဇွန်လ ၁၇ ရက်ကနေ ၃၀ ရက်အတွင်း ရုံးပိတ်ရက်တွေမှာပါ ရောင်းချပေးမယ်လို့ သိရပါတယ်။

ရောင်းချပေးမယ့်တိုက်ခန်းပေါင်း ၅၄၂ခန်းဖြစ်ပြီး အဲဒီအထဲမှာ လတ်တလော တည်ဆောက်ပြီးတဲ့ တိုက်ခန်း ၄၅၆ ခန်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြန်အပ်နှံထားတဲ့တိုက်ခန်း ၅၅ ခန်း၊ မဲပေါက်ပြီးမှ ဆက်သွယ်ဝယ်ယူခြင်းမရှိတဲ့ တိုက်ခန်း ၃၁ ခန်း ပါဝင်ပါတယ်။

ဒါ့အပြင် တိုက်ခန်းတွေ ရောင်းချရာမှာ အမြတ်ကြီးစား ပြန်လည်ရောင်းချတဲ့ ပြဿနာမျိုးတွေမဖြစ်ဖို့ကိုလည်း ကြပ်မတ် အရေးယူသွားမယ်လို့ ဦးကျော်ဆန်းမြင့်က ပြော ပါတယ်။

ပထမအကြိမ် ရောင်းချပေးစဉ်က တိုက်ခန်းဝယ်ယူခွင့်မရသူတွေအနေနဲ့ လျှောက်လွှာပြန်တင်ဖို့ မလိုအပ်ဘဲ အရင်လျှောက်ထားစဉ်က ရရှိထားတဲ့ စလစ်နဲ့အတူ စည်ပင်ရုံးမှာ လာရောက် စာရင်းပေးရမှာပါ။

လျှောက်လွှာရှင်အားလုံးကို ဇူလိုင်လအတွင်း မြို့တော်ခန်းမမှာ မဲနှိုက်ရောင်းချပေး ဖို့ရှိတယ်လို့ မန္တ​လေးမြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

No comments:

Post a Comment