Tuesday, June 18, 2019

မြန်မာတနိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ သုံးထောင်ကျော်ရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိလာ

မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁၄၄ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။ေ သွးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည်ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုသည်လည်း ရန်ကုန်တိုင်းက အများဆုံးဖြစ်သောကြောင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။



"ရန်ကုန်တိုင်းဒေသကြီးက တစ်နိုင်ငံလုံးမှာ နှစ်စဉ်နှစ်တိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သလို သေဆုံးမှုလဲ အများဆုံးပါ။ အရင်က ဒီရောဂါဟာ မိုးရာသီမှာသာ ဖြစ်ပွားလေ့ ရှိပေမယ့် ယခုနှစ်တွေမှာ တစ်နှစ်ပတ်လုံးမှာ ဒီရောဂါက ဖြစ်နေတဲ့အတွက် ပိုပြီးဂရုစိုက်ရမယ်။ ကာကွယ်နှိမ် နှင်းရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာလဲ ပြည်သူလူထုက ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်"ဟု ၎င်းကပြောသည်။

၂၀၁၈ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၆၄၉ ဦးနှင့် သေဆုံးသူ ၂၅ ဦးရှိခဲ့ပြီး ယခုနှစ် ဇွန်လ ဒုတိယပတ်အထိ ရောဂါဖြစ်ပွားသူ ၇၃၄ ဦးနှင့် သေဆုံးသူ ၈ ဦးထိ ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါရောဂါသည် မြို့ကြီးများတွင်သာ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ ကျေးလတ် ၊ တောရွာများမှာပါ ဖြစ်ပွားနေပြီး အသက်အရွယ်အားဖြင့် အသက် ၁၅ နှစ်အောက် ကလေးများတွင် ဖြစ်ပွားမှု အများဆုံးတွေ့ရှိရသော်လည်း လက်ရှိတွင် ၁၅ နှစ်အထက်များမှာလည်း ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

"၂၀၁၈ မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးသူ လူနာအများစုရဲ့ သေဆုံးရတဲ့ အကြောင်းအရင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါ သေဆုံးသူများရဲ့ ၆၀ ရာခိုင်နှုန်း ကျော်ဟာ ပြင်ပဆေးခန်းတွေကို ဖျားနာပြီး ၁ ရက် အတွင်း သွားရောက်ပြသခဲ့ကြောင်း တွေ့ရှိရတဲ့ အတွက်ကြောင့် သေဆုံးမှုကို လျော့ချနိုင်ရေးအတွက် ဆောင်ရွက်ရာမှာ ပြင်ပဆေးခန်းတွေရဲ့ ပူးပေါင်း ပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်။"ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

ထို့ကြောင့် ပြင်ပဆေးခန်းတွင် တက်ရောက်ကုသသည့် လူနာစာရင်း အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများမှ လိုအပ်သော စီစဉ်ညွှန်ကြားမှုများ ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ၎င်းကဆိုသည်။

ထို့ပြင် လူနာသတင်းရရှိသည့်တပြိုက်နက် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဦးဆောင်၍ နှီးနွယ်ဌာနများဖြစ်သော ပညာရေး ၊စည်ပင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ကျန်းမာရေးဦးစီးဌာနနှင့် အတူလုပ်ဆောင်ကြရန် အရေးကြီးသည်ဟုဆိုသည်။

ယခုနှစ်တွင် ခြင်ကျားလောက်လန်းနှိမ်နင်းရေး ရက်သတ္တပတ်ကို အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ ၊စာသင်ကျောင်းများ ၊တက္ကသိုလ်များ ၊ ဈေးများ ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ အပါအဝင် နေ့စဉ် ဦးတည်ရာ နေရာတစ်ခုသတ်မှတ်၍ မိုးရာသီကုန်သည်အထိ လစဉ် ပိုးလောက်လန်းနှိမ်နင်းမှုများ ပြုလုပ်သွားကြရမည် ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကူးစပ်မြန် ရောဂါတစ်မျိုးဖြစ်ပြီး ကပ်ရောဂါအသွင် ကူးစပ်ဖြစ်ပွားတတ်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင် သည်အထိ ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါအတွက် ကာကွယ်ဆေး ၊ကုသဆေး တိတိကျကျ မရှိသေးသောကြောင့် ရောဂါ ကြိုတင်ကာကွယ်ရေးသည် အလွန်အရေးကြီးပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို စောစီးစွာ လုပ်ဆောင်နိုင်ရန် ပုဂ္ဂလိကဆေးရုံများ ၊ အစိုးရဆေးရုံများတွင် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ရန်လိုမည်ဖြစ်သည်။

No comments:

Post a Comment