Tuesday, June 18, 2019

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း အာမခံထပ်လျှောက်၊ အာမခံ ပေး/မပေး နောက်ရုံးချိန်း အမိန့်ချမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံနေရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အာမခံပေးရန် သူမ၏ ရှေ့နေများက ဒုတိယအကြိမ်ထပ်လျှောက်လိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် ရုံးချိန်းက ယင်းသို့လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၇ ရက် ရုံးချိန်းတွင် အာမခံပေးသင့်/မပေးသင့် ဆိုသည်ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ကြကြောင်း တနင်္သာရီတိုင်းတရားလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။



တရားလိုဘက်က လိုက်ပါဆောင်ရွက်နေသည့် ဥပဒေအရာရှိများက လက်ရှိအစိုးရက အဂတိလိုက်စားမှုကို မူဝါဒတစ်ခုအနေဖြင့် ဆောင်ရွက်နေခြင်း၊ ဒေါက်တာလဲ့လဲ့မော်ကို စွဲဆိုထားသည့်အမှုမှာ အာမခံမပေးနိုင်သည့်အမှုဖြစ်ခြင်း၊ ၎င်းမှာဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ဖူးသူဖြစ်သည့်အတွက် စစ်ဆေးရန်ကျန်သည့် တရားလိုပြသက်သေများအချို့ကို သြဇာလွှမ်းမိုးနိုင်ခြင်းတို့ကြောင့် အာမခံမပေးသင့်ဟု လျှောက်ထားခဲ့ကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်၏ အကျိုးဆောင် ရှေ့နေများကမူ ဒေါက်တာလဲ့လဲ့မော်မှာ အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ ကင်ဆာရောဂါဖြစ်နေသည့်အတွက် ဆေးသွင်းကုသနေရခြင်း၊ ယခင်က ခြေသလုံးရိုးနှင့် ခြေဖမိုးကျိုးခဲ့ဖူးသည့်အတွက် စတီးချောင်းထည့်ထားရခြင်း၊ လက်ရှိအကျဉ်းထောင်အတွင်း ချော်လဲသည့်အတွက် ပြန်လည်စစ်ဆေးကုသရန် လိုအပ်နေခြင်းတို့ကြောင့် အာမခံပေးရန် လျှောက်လဲခဲ့ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

ထို့အပြင် သူမသည် ထားဝယ်မြို့တွင်မိသားစုနှင့် အတည်တကျနေထိုင်သူဖြစ်သည့်အပြင် သက်သေများကို မလျော်သြဇာသုံးပြီး ဖျက်ဆီးရန် အကြောင်းမရှိဟု လျှောက်လဲခဲ့ကြောင်း ၎င်းကပြောသည်။

နောက်ရုံးချိန်းကို ဇွန်လ ၂၄ ရက်ကို ပြန်ချိန်းထားပြီး ရာဇ၀တ်ကြီးမှုအမှတ် ၁/၂၀၁၉ ၊ ၂/၂၀၁၉ ၊ ၃/၂၀၁၉ အမှုသုံးခုအတွက် တရားလိုပြသက်သေကို စစ်ဆေးခြင်းနှင့် အာမခံပေး/မပေးကို အမိန့်ချမည်ဖြစ်ကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

“အမှုတွေအတွက် တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက်ကို စစ်ဆေးဖို့နဲ့ အာမခံလျှောက်ထားချက်အပေါ် အမိန့်ချမှတ်ဖို့ ချိန်းဆိုထားခြင်းဖြစ်ပါတယ်”ဟု တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန်တွက် သူမ၏ ရှေ့နေများက တစ်ကြိမ်လျှောက်ထားခဲ့ဖူးပြီး တရားသူကြီးက အာမခံမပေးကြောင်း အမိန့်ချခဲ့ဖူးသည်။

No comments:

Post a Comment