Tuesday, June 18, 2019

သွေးလှူဒါန်းမှု၊ လက်ခံအသုံးပြုမှုတို့နှင့်ဆိုင်သော အမျိုးသားအဆင့် သွေးနှင့်သွေးပစ္စည်းမူဝါဒ National Blood Policy မူကြမ်းရေးဆွဲပြီးဖြစ်၍ အတည်ပြုနိုင်ရန် လုပ်ဆောင်နေ

သွေးလှူဒါန်းမှု၊ လက်ခံ အသုံးပြုမှုတို့ နှင့် သက်ဆိုင်သည့် အမျိုးသားအဆင့် သွေးနှင့် သွေးပစ္စည်း မူဝါဒ National Blood Policy မူကြမ်း ရေးဆွဲပြီးဖြစ်၍ အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း ဇွန် ၁၆ ရက်က  ပြုလုပ်ခဲ့သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

“အမျိုးသား သွေးဌာနအနေနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ဆေးရုံ ၁၄ ရုံအတွက် လိုအပ်တဲ့ သွေးသန့်တွေကို အပြည့်အဝ ပေးအပ်နိုင်ပြီး တခြားဆေးရုံတွေ အတွက်လည်း ပေးအပ်နေပါတယ်။ ရွှေတိဂုံ ဘုရားပေါ်မှာ သွေးလှူဒါန်းဌာနကို ဖွင့်လှစ်ထားပြီး သွေးလှူဒါန်းမှုများကို လက်ခံ ဆောင်ရွက်ပေးနေပါတယ်။ ဆေးရုံ အသီးသီးမှာရှိတဲ့ သွေးလှူဒါန်းမှု၊ လက်ခံထိန်းသိမ်းမှုနဲ့ အသုံးပြုမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်တွေနဲ့ စံလုပ်ထုံး လုပ်နည်းတွေမှာ မွမ်းမံ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့ လိုပါတယ်။ လက်ရှိ သွေးလှူဒါန်းမှု၊ လက်ခံအသုံးပြုမှုတို့နဲ့ သက်ဆိုင်တဲ့ အမျိုးသားမူဝါဒ ပေါ်ထွက်လာဖို့ကိုလည်း မူကြမ်းရေးဆွဲပြီး ဖြစ်ပါတယ်။ အတည်ပြုနိုင်ဖို့လည်း ဆက်လက် ဆောင်ရွက်နေပါတယ်”  ဟု ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အမျိုးသားသွေးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ဆေး ရုံ ၁၄ ရုံအတွက် လိုအပ်သော သွေးသန့်များကို ပေးအပ်လျက်ရှိပြီး၂၀၁၈ ခုနှစ်အတွင်း သွေးယူနစ်ပေါင်း လေးသိန်းကျော် အသုံးပြုခဲ့ရာ ယင်းတို့အနက် ၃၀ ရာခိုင်နှုန်းကျော်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်လလျှင် သွေးအလုံးရေ ၈၀ဝ၀ ကျော် လိုအပ်လျက်ရှိပြီး ကလေးဆေးရုံကြီးများအတွက် လိုအပ်သည့် သွေးပမာဏမှာ မြင့်တက်လျက် ရှိကြောင်း သိရသည်။


ထို့ပြင် ပြီးခဲ့သည့် (၄၅) ကြိမ်မြောက်  မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် ပြသခဲ့သည့် သုတေသန ပိုစတာများအရ ပြည်သူ့ဆေးရုံအချို့တွင် အမှန်တကယ် လိုအပ်သည်ထက် သွေးအိတ်များ ပိုမို တောင်းခံမှုကြောင့် သွေးအိတ်များ မလိုအပ်ဘဲ အလေအလွင့်များ ဖြစ်ပေါ်နေပြီး လိုအပ်သည်ထက် ပိုမို သွေးတောင်းခံခြင်းများသည် ဆေးရုံအများစု၏ အဖြစ်များသော ပြဿနာတစ်ရပ် ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။

သွေးတောင်းခံခြင်းနှင့် သွေးအသုံးပြုခြင်းများနှင့် ပတ်သက်၍ သုတေသနများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့တွင် သုတေသန ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များကို ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်း ပြသခဲ့ရာ သုတေသနကို ဆေးသုတေသန ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ လူပုဂ္ဂိုလ်များအပေါ် စမ်းသပ်ခြင်းဆိုင်ရာ ကျင့်ဝတ် ကော်မတီက အတည်ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သုတေသန ပြုလုပ်ရာ လူနာစုစုပေါင်း  ၁၉၉၅ ဦးသည် သွေးစုစုပေါင်း ၆၁၄၂ ယူနစ် တောင်းခံခဲ့ပြီး သွေးအသုံးပြုမှုမှာ ဆေးကုသဆောင်မှ ၉၇ ရာခိုင်နှုန်း၊ ခွဲစိတ် ကုသဆောင်မှ ၇၀ ရာ ခိုင်နှုန်း၊ ကင်ဆာ ကုသဆောင်မှ ၉၈ ရာခိုင်နှုန်း၊ အရိုးကုသဆောင်မှ ၃၈ ရာခိုင်နှုန်း၊ ဦးနှောက်နှင့် အာရုံကြော ကုသဆောင်မှ  ၇၈ ရာခိုင်နှုန်း၊ အထူးပြု ကုသဆောင်များမှ ၆၁ ရာခိုင်နှုန်း အသုံးပြုကြောင်းနှင့် ゞင်းတွေ့ရှိချက်များအရ ရန်ကုန်ဆေးရုံကြီးတွင် အရိုးကုသဆောင်မှလွဲ၍ သွေးတောင်းခံမှု၏ ရာခိုင်နှုန်း ၆၀ ကျော်ကို အမှန်တကယ် အသုံးပြုကြောင်း၊ အမှန်တကယ် လိုအပ်သည်ထက် ပိုမို သွေးတောင်းခံမှုကြောင့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်ပစ္စည်းများ အလေအလွင့် ဖြစ်ခြင်း၊ အချိန်ကြာမြင့်ခြင်းနှင့် လူနာတွင် ကုန်ကျငွေများ ပိုမိုများပြားခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးရှိ ဆေးကုသဆောင်များမှ သွေးတောင်းခံခြင်းနှင့် သွေး အသုံးပြုခြင်းများတွင် အရေးပေါ် မဟုတ်သော ပုံမှန်ခွဲစိတ်မှုများအတွက် သွေးတောင်းခံခြင်းများ မလိုအပ်ဘဲ များပြားလျက် ရှိနေကြောင်း သုတေသနတွင် ဖော်ပြချက်အရ သိရသည်။

No comments:

Post a Comment