Tuesday, June 18, 2019

ဂျွန် (June) ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်အသုံးပြုမှု ဒေသခံများ လက်မခံ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် June Cement Industry Limited မှ စက်ရုံလည်ပတ်နိုင်ရန်အတွက် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားကို အသုံးပြုရန် ပြောဆိုလာသည့်အပေါ် လက်မခံကြောင်း စက်ရုံတည်နေရာအနီးရှိ ကျေးရွာဒေသခံများက ပြောကြားသည်။



June Cement Industry Limited မှ ဇွန်လ ၁၅ ရက်နေ့တွင် ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ တူးမြောင်းဖော်ခြင်း၊ ရွှံ့စေးမြေ တူးဖော်ထုတ်လုပ်ခြင်းနှင့် ဂဝံကျောက်တူးဖော်ထုတ်လုပ်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းရာတွင် ဒေသခံများ၏ မေးမြန်းချက်ကြောင့် ကျောက်မီးသွေးအသုံးပြုမည့်ကိစ္စရပ်ကို ကုမ္ပဏီတာဝန်ရှိသူတွေကို ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် နိုင်ရွှေဝင်းက ပြောဆိုသည်။

“ဒီစက်ရုံလည်ပတ်ဖို့အတွက် လျှပ်စစ်ဓာတ်အားကို ဘယ်ကရမလဲလို့မေးလာတော့မှ သူတို့က ကျောက်မီးသွေးကို အသုံးပြုမယ်လို့ ပြန်ဖြေခဲ့တယ်။ မဂ္ဂါဝပ်ဘယ် လောက်လဲလို့ မေးတော့မှ ၁၅ မဂ္ဂါဝပ် ၂ လုံးအသုံးပြုမယ်လို့ ပြောလာတယ်။ ကျောက်မီးသွေးသုံးလို့ MCL ကိုလည်း ဒေသခံတွေ ကန့်ကွက်ခဲ့တယ်။ အခု သူတို့လည်း ကျောက်မီးသွေးသုံးမယ်ဆိုတော့ ဒေသခံတွေက ကန့်ကွက်ဦးမှာပဲ လက်ခံမှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ယင်းသို့ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကိစ္စရပ်ကို June Cement Industry Limited အနေနှင့် ပြည်ထောင်စု အစိုးရထံသို့ တင်ပြထားကြောင်း၊ သို့သော်လည်း ခွင့်ပြုမိန့် မကျသေးကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြန်လည်ပြောဆိုသည်။

“ကျွန်တော်တို့က ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ပြည်ထောင်စု အစိုးရကို တင်ထားပါတယ်။ ဘာလို့လဲဆိုတော့ တခြားစက်ရုံတွေ တည်ဆောက်တဲ့အခါမှာ ဒီခွင့်ပြုမိန့်မပါလို့ဆိုပြီးတော့ ပြဿနာတွေ လွှတ်တော်မှာ နည်းနည်း ရှိဖူးတယ်လို့ ကြားတယ်။ ဒါကြောင့် မဆောင်ရွက်ခင်ကတည်းက ပြည်ထောင်စုကို တင်ပြထားတယ်၊ ခွင့်ပြုမိန့်ကျလာရင် နိုင်ငံတကားကို တင်ဒါခေါ်ပါ့မယ်။ လောလောဆယ်တော့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံက ပြည်ထောင်စုဆီက ခွင့်ပြုမိန့် မကျသေးလို့ ကျွန်တော်တို့ဘာမှ ပြောလို့ရသေးဘူး”ဟု June Cement Industry Limited ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက ပြောဆိုသည်။

ကုမ္ပဏီက ဆောက်လုပ်အသုံးပြုမည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ကိစ္စရပ်နှင့်ပတ်သက်၍ ဒေသခံများ စုပေါင်း၍ မည်သို့ ပြုလုပ်ရမည်ကို ပြန်လည်တိုင်ပင်မည်ဖြစ်ကြောင်း နိုင်ရွှေဝင်းက ထပ်လောင်းပြောကြားသည်။

June Cement Industry Limited ကုမ္ပဏီအနေနှင့် လွန်ခဲ့သည့်တစ်လခန့်ကပင် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ၁၅ မဂ္ဂါဝပ် ၂ လုံး တည်ဆောက်ရေးကိစ္စကို တင်ပြထားကြောင်း၊ သို့သော်လည်း ယင်းစက်ရုံနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ၏ အပတ်စဉ် ပုံမှန်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမှု မရှိသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။

June Cement Industry Limited ဘိလပ်မြေ ထုတ်လုပ်မည့် ကုမ္ပဏီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) တွင် ခွင့်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်သော်လည်း ယနေ့အထိ စက်ရုံတည်ဆောက်မှုကို စတည်အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

No comments:

Post a Comment