Tuesday, June 18, 2019

ဦးဝင်းထိန်နှင့် NLD တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့ ၏ အစည်းအဝေးမှတ်တမ်းဟုဆိုသည့်စာလူမှုကွန်ရက်ပေါ်ပျံ့နှံ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့်တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့တို့အစည်းအဝေးမှတ်တမ်းဟုဆိုသည့်စာတစ်စောင်မှာလူမှုကွန်ရက်စာမျက်နှာများပေါ် ဇွန်လ ၁၆ ရက် ညတွင် စတင်ပျံ့နှံ့ခဲ့သည်။ ယင်းစာတွင် ဦးဝင်းထိန်၊ တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် အစည်းအဝေးတက်ရောက်လာသူများကပြောဆိုထားသည်ဆိုသည့်အချက်များပါဝင်သည်။



ယင်းစာတွင်ဒေါက်တာလဲ့လဲ့မော်ဖမ်းဆီးခံရပြီးနောက်ပိုင်းတနင်္သာရီတိုင်းအခြေအနေ၊ဦးအောင်စိုးအားတနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူရန် တိုက်တွန်းမှုများ၊ ပါတီ၏ ဘဏ္ဍာရေးအခြေအနေစသဖြင့်ပါတီ၏အတွင်းရေးကိစ္စများပါဝင်သည်။

ယင်းစာတွင်တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဦးအောင်စိုးက ပြောဆိုသည်ဆိုသည့် “ တကယ်ဆိုဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်စရာမလိုဘူး။ ဘုရားမဟုတ်ဘူး။ လမ်းကြောင်းမှန်ရင် ယုံကြည်တယ်ဆိုရင် လိုက်မယ်။ မမှန်ရင် မလိုက်ဘူး” ဟူသည့် ပြောဆိုချက်များလည်းပါဝင်သည်။

ယင်းစာနှင့်ပတ်သက်၍အစည်းအဝေးသို့တက်ရောက်သူတစ်ဦးဖြစ်သည့်တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့မှတွဲဘက်အတွင်းရေးမှူး ဦးအေးနိုင်အား Dawei Watch က ဆက်သွယ်မေးမြန်းရာ အစည်းအဝေးမှတ်တမ်းမှာ ၎င်းထိ ရောက်မလာသေးသည့်အတွက် လူမှုကွန်ရက်ပေါ်ပြန့်နှံ့နေသည့်စာမှာ အတု သို့မဟုတ် အစစ်ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ဖြေကြားခဲ့သည်။

ဦးအေးနိုင်သည် အစည်းအဝေးကို တက်ရောက်ခဲ့သူဖြစ်သော်လည်း ပြန့်နှံ့နေသည့် စာပါအချက်အလက်များနှင့်ပတ်သက်၍ အတု၊ အစစ် ဖြစ်သည်ကို အတည်မပြုခဲ့ပေ။

“အဲဒီအစည်းအဝေး မှတ်တမ်းကို ကိုယ်ပြုစုတာလည်း မဟုတ်ဘူး၊ ကိုယ်က အခမ်းအနားမှူးပဲလုပ်တာ။ အစည်းအဝေးဆုံးဖြတ်ချက်ကို ကိုယ်လည်းတောင်းတော့တောင်းထားတာပဲ။ ကိုယ်တွေလက်ထဲကို မရောက်သေးဘူး” ဟု ဦးအေးနိုင်ကဆိုသည်။

ယင်းစာမှာအစည်းအဝေးမှတ်တမ်းအစစ်ဖြစ်ပါကပါတီစည်းမျဉ်းစည်းကမ်းအရအရေးယူမည်ဖြစ်ကြောင်း ဦးအေးနိုင်က ဆိုသည်။ အဆိုပါစာတွင် ဖော်ပြထားသည့် ရက်စွဲကို ၁၂.၁၀.၂၀၁၉ ဟု မှားယွင်းဖော်ပြထားသည်။ ဦးဝင်းထိန်သည် တနင်္သာရီတိုင်းသို့ ဇွန်လ ၁၀ ရက်မှ ၁၂ ရက်အထိ လာရောက်ခဲ့ပြီး တရားစွဲခံထားရသည့် ဒေါက်တာလဲ့လဲ့မော်ကို ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့ဆုံခဲ့သည်။

No comments:

Post a Comment