Tuesday, June 18, 2019

စစ်သံမှူးက ကန့်ကွက်ခဲ့သည့် အပစ်ရပ် ၁၀ ဖွဲ့အစည်းအဝေး ပြန်လည်ကျင်းပခွင့်ရ အစည်းအဝေးကျင်းပနိုင်ရေး မြန်မာအစိုးရက ထိုင်းအစိုးရထံ အကြောင်းကြားထားဟုဆို

ထိုင်းနိုင်ငံရှိ မြန်မာစစ် သံမှူး ကန့်ကွက်မှုကြောင့် ကျင်းပခွင့်မရသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ထိုး ၁၀ ဖွဲ့၏ အစည်းအဝေး  ပြန်လည် ကျင်းပခွင့်ရကြောင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်အချို့က ပြောသည်။ ‘‘ကန့်ကွက်ခံရတဲ့ အလုပ် အဖွဲ့အစည်းအဝေးကို လာမယ့် ဇွန် ၂၀၊ ၂၁ မှာ ပြန်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။  အဲဒါကိုလည်း အစိုးရ ဘက်က ဒါကို သူတို့အနေနဲ့ ထိုင်း အစိုးရကိုလည်း အကြောင်းကြား ထားပေးပြီး ဖြစ်ပါတယ်’’ဟု ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဇွန်လ ၁၇ ရက်တွင် ပြောသည်။



 ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အကြံပေး ဦးခွန်းဆေက ‘‘ဒီလထဲမှာ သူတို့ ပြန်လုပ်မယ်ဆိုတာ NRPC ကိုလည်း အကြောင်းကြားပြီးပြီ။ လာမယ့် တစ်ပတ်ထဲမှာ လုပ်မယ်လို့ဆိုတယ်။ အဓိကကတော့ သူတို့ ဆွေးနွေးလို့ မပြီးသေးတဲ့ကိစ္စတွေကို ဆက်ဆွေးနွေးမှာပေါ့။ PPST က အလုပ်အဖွဲ့က ဆက်ဆွေးနွေးကြမှာပေါ့’’ဟု ပြောသည်။

အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကို အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားပြီး ဥက္ကဋ္ဌမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအ ရုံး(KNU)က အဆိုပြုထားသည့် NCA လက်မှတ်ထိုးအဖွဲ့နှင့် မထိုးရသေးသည့် အဖွဲ့တို့ ပါဝင်နိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင် ပင်ခံအစည်းအဝေး (PPCM) စုဖွဲ့ရေးကိစ္စ NCA လက်မှတ်ထိုး ၁၀ ဖွဲ့က ဇွန်လ ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ရာ မြန်မာစစ်သံမှူးက ထိုင်းအာဏာပိုင်ထံ စာပို့ကန့်ကွက်၍ ကျင်းပခွင့်မရခဲ့ပေ။

ထိုသို့ အစည်းအဝေးကို တား ဆီးခြင်းသည် တပ်မတော်က သီးခြားညွှန်ကြားချက်ကြောင့် မဟုတ်ဘဲ မြန်မာစစ်သံမှူးက PPCM စုဖွဲ့မှုကိစ္စသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် ထိခိုက်နိုင်သည်ဟု  သုံးသပ်ဆောင်ရွက်ခြင်း ဖြစ်နိုင် ကြောင်း   တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

အပစ်ရပ် ၁၀ ဖွဲ့၏ အစည်းအဝေးကို တားမြစ်သော မြန်မာစစ်သံမှူး၏ လုပ်ဆောင်ချက်သည် NCA ကို ချိုးဖောက်ရာရောက်ကြောင်း  KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကမူ  အငြင်းပွားဖွယ်ရာရှိနေသည့် PPCM စုဖွဲ့မှုကိစ္စကြောင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်လာနိုင်သည်ဟု မြန်မာစစ်သံ မှူးက သုံးသပ်ခြင်းဖြစ်ကြောင်း၊ NCA ချိုးဖောက်ခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းသည်။ အပစ်ရပ်အဖွဲ့များ၏ ချင်း မိုင်အစည်းအဝေး ပြန်လည်ကျင်း ပမည့်ကိစ္စကို မသိသေးကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။ အစိုးရဘက်က ထိုင်းအစိုးရထံသို့ အကြောင်းကြားထားပြီးပါက စစ်သံမှူးအနေဖြင့် ထပ်မံ တားဆီးကန့်ကွက်ခြင်း မရှိနိုင် ကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment