Tuesday, June 18, 2019

မီတာခနှုန်းထားများကို ပြင်ဆင်ရန် ကမ္ဘာ့ဘဏ် အကြံပြု

မြန်မာနိုင်ငံရဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားခနှုန်းတွေကို ပြင်ဆင်ဖို့နဲ့ စနစ်တခုလုံးရဲ့ အားနည်း လိုအပ်ချက်တွေကို ထိထိရောက်ရောက်ပြင်ဆင်ဖို့ ကမ္ဘာ့ဘဏ်က အကြံပြုထားပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ လက်ရှိထက် ၂ ဆ ရင်းနှီးမြှုပ်နှံဖို့လိုနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လက်ရှိလုပ်နေတဲ့ စီမံကိန်းတွေကို အခုထက် ၃ ဆပိုပြီး မြန်မြန်ဆန်ဆန်လုပ်မှပဲ လျှပ်စစ်လိုအပ်ချက်ကို အလျဉ်မီအောင်ဖြည့်ဆည်းနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ် အနိမ့်ဆုံးဖြစ်တဲ့ နည်းလမ်းတွေကို ရွေးဖို့လည်း အကြံပြုထားပါတယ်။



ဒါပေမယ့် လျှပ်စစ်ဓာတ်အားခနှုန်းတွေ ပြင်ဆင်တာကြောင့်လည်း တဖက်မှာ ငွေကြေးဖောင်းပွတာ ပိုလာနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရှေ့လာမယ့် ကာလလတ်တခုမှာ ငွေကြေးဖောင်းဖွမှုနှုန်းဟာ ၆ ဒသမ ၆ ရာခိုင်နှုန်းမှာ တည်ငြိမ်နေမယ်လို့ ခန့်မှန်းထားပြီး အစိုးရက လျှပ်စစ်ဓာတ်အားခဈေးနှုန်းတွေ ပြင်ဆင်ဖို့ လုပ်နေတာနဲ့ စွမ်းအင်ဈေးနှုန်းမြင့်လာနိုင်တာကတော့ ငွေကြေးဖောင်းပွနှုန်းကို မြင့်လာစေ နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်တို့ အတူလေ့လာသုံးသပ်ပြုစုခဲ့တဲ့ လူမှုဖူလုံရေးအညွှန်းကိန်းတွေအရ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ဟာ အခြေခံလိုအပ်ချက် အညွှန်းကိန်း အနည်းဆုံး ၃ ခု မှာ အားနည်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ရေကောင်းရေသန့် ရရှိရေးနဲ့ အိမ်သာ အသုံးပြုတာ၊ အိုးအိမ်ပိုင်ဆိုင်တာနဲ့ တခြားပစ္စည်းပိုင်ဆိုင်တာ ဆိုတဲ့ အညွှန်းကိန်းတွေမှာ လူဦးရေ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းဟာ အနည်းဆုံး ၃ ခုမှ အားနည်းနေတယ်လို့ ဆိုပါတယ်။

လူဦးရေရဲ့ ငါးပုံတပုံကျော်ဟာ အညွှန်းကိန်း ၅ ခုနဲ့ အထက်မှာ အားနည်းနေပြီး အားမနည်းသူကတော့ လူဦးရေ စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်းချင်းတည်ငြိမ်လာပြီး အရှိန်ပြန်ရ လာတာကြောင့် ၂၀၁၈-၁၉ ခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်တာ၊ လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်း၊ အာမခံနဲ့ ဘဏ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တွေဝင်ရောက်လာတာ၊ အခြေခံအဆောက်အအုံကဏ္ဍမှာ ငွေကြေးသုံးစွဲတာတွေကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ ဆိုးနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကတော့ ၂၀၂၀-၂၁ မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းကို ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာသမ္မတ ဦးဝင်းမြင့်ကတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေအရ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ပုံမှန်ဈေးနှုန်းအရ ၇ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားတယ်လို့ မနေ့က ကျင်းပတဲ့ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးမှာ  ပြောပါတယ်။

ဒါပေမယ့်ကမ္ဘာလုံးနဲ့ ဒေသဆိုင်ရာ စီးပွားရေး အရှိန်နှေးကွေးနေတာ၊ အီးယူက ကုန်သွယ်မှု အထူးအခွင့်အရေးတွေ ရုပ်သိမ်းနိုင်တဲ့ အလားအလာရှိနေတာ၊ စွမ်းအင်ဈေးနှုန်း အတက်အကျ အပြောင်းအလဲ မြန်တာတို့ကတော့ စိန်ခေါ်မှုအဖြစ်ရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို တနှစ်မှာ ၂ ကြိမ်ထုတ်ဝေပြီး လတ်တလော စီးပွားရေးအခြေအနေတွေ၊ အလားအလာနဲ့ မူဝါဒရေးရာ အကြံပြုချက်တွေကို ဖော်ပြထားပါတယ်။

No comments:

Post a Comment