Tuesday, June 18, 2019

"အမျိုးမချစ်သည့်သူ" များလာသည့်အတွက် "မျိုးချစ်" ဆိုသည့် အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်း ဟု ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဆို

မြန်မာနိုင်ငံတွင် မျိုးချစ်၊ အမျိုးသားရေးအုပ်စု စသည့် အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်းသည် မျိုးမချစ်သည့် သူ များလာသောကြောင့် ဖြစ်သည် ဟု ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောသည်။ မျိုးချစ်ဆိုသည့် အင်အားစုများ ပေါ်ပေါက်လာခြင်းသည်လည်း မျိုးချစ် များလာသည့်အတွက်ဖြစ်ပြီး တုံ့ပြန်ရန် ပေါ်ပေါက်လာခြင်း ဖြစ်သည် ဟု လည်း ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောသည်။



"မျိုးချစ်လို့ ဘာကြောင့် အသံကျယ်ကျယ်ထွက်လာသလဲဆိုရင် အမျိုးမချစ်သူတွေ များလာလို့ပေါ့။ မျိုးချစ်တွေ အင်အားကောင်းလာ တယ်ဆိုတာ မျိုးဖျက်တွေများလာလို့ ၊ အဲ့ဒါကို တုံ့ပြန်ဖို့ ပေါ်လာတာပဲ။ ဒီနိုင်ငံကို ချစ်ရင် မျိုးချစ်ကို အားပေးရပါမယ်။ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တဲ့ နေရာမှာ မျက်ကန်းမျိုးချစ်ဆိုတာ မရှိဘူး။ အစွန်းရောက်မျိုးချစ်ဆိုတာ မရှိဘူး။" ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောသည်။

ဇွန် လ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ၊ ပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားရေး ဝါဒီများကြောင့် တိုင်းပြည်တိုးတက်မှု နှေးကွေးနေသယောင် ပြောဆိုမှုများကိုလည်း လုံးဝလက်မခံကြောင်း၊ ပြီးခဲ့သည့် နှစ်များအတွင်း မျိုးချစ်ဆိုသည့် အသံများကို မကြားဖူးဘဲ ယခုနှစ်များတွင် မှ မျိုးချစ်ဆိုသည့် အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်းဖြစ်သည် ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြု ခဲ့သည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဥပဒေနှင့် ပတ်သက်ပြီး ပါတီ ဗဟိုကော်မတီဝင်များက ဝေဖန်ပြောကြားမှုများ ဖုံးလွှမ်းခဲ့သည်။

နိုင်ငံသားမဟုတ်သည့် ကလေးများအား မွေးစားခွင့်နှင့်ပတ်သက်ပြီး တိုင်းပြည်၏ ရှေ့ရေးအား ပြည်ခိုင်ဖြိုးပါတီက စိုးရိမ်မှုမြင့်တက်နေကြောင်း ထိုတွေ့ဆုံပွဲတွင် ပါတီ ဗဟိုကော်မတီဝင်များ က ထည့်သွင်းပြောကြားခဲ့သည်။

ယင်းဥပဒေအား လွှတ်တော်အတွင်းဆွေးနွေးစဉ်ကလည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ က အပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း မဲခွဲမှုအရ ဥပဒေမှာ အတည်ဖြစ်ခဲ့သည်။

No comments:

Post a Comment