Tuesday, June 18, 2019

အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံး၌ အမှုကြားနာနေချိန် ရုတ်တရက် နှလုံးရပ်သေဆုံး

အီဂျစ်သမ္မတဟောင်း မိုဟာမတ်မော်စီဟာ ဇွန် ၁၇ ရက်က ကိုင်ရိုမြို့က တရားရုံးတခုမှာ သူလျှိုမှု စွဲချက်တွေအတွက် အမှုကြားနာနေချိန် ရုတ်တရတ် နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။ အသက် ၆၇ နှစ်အရွယ် မော်စီဟာ ဆီးချိုနဲ့ သွေးတိုးရောဂါတွေကို ခံစားနေရပြီး အကျဉ်းချခံထားရချိန်မှာ ဆေးကုသမှု မခံယူခဲ့ရဘူးလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမယ့် သူဟာ ကိုင်ရိုမြို့ရဲစခန်းနဲ့ ပုဂ္ဂလိကဆေးရုံတရုံမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့ သတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။



တရားမ၀င်အဖွဲ့အစည်းအဖြစ် တားမြစ်ခံထားရတဲ့ Muslim Brotherhood အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ မော်စီဟာ ၂၀၁၂ ခုနှစ်မှာ အီဂျစ်သမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၃ ခုနှစ်က အီဂျစ်နိုင်ငံကို စစ်အာဏာသိမ်းချိန်မှာ စစ်တပ်က သူ့ကို သမ္မတ ရာထူးက ဖြုတ်ချပြီး  ထောင်ချလိုက်တာပါ။ မောစီဟာ အီဂျစ်နိုင်ငံ ခေတ်သစ်သမိုင်းမှာ ပထမဆုံး ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ခံ သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။

Muslim Brotherhood အဖွဲ့က မော်စီသေဆုံးမှုဟာ လူသတ်မှု ဖြစ်တယ်လို့ စွပ်စွဲပြီး သူ့ရဲ့ ဈာပနအခမ်းအနားမှာ အီဂျစ်နိုင်ငံသားတွေစုဝေးကြဖို့ ဇွန်လ ၁၇ ရက်နေ့က တောင်းဆို လိုက်ပါတယ်။

မော်စီရဲ့ သေဆုံးမှုဟာ အထူးသဖြင့် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးစံနှုန်းနဲ့ ပတ်သက်ပြီး အီဂျစ်အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

No comments:

Post a Comment