Wednesday, June 12, 2019

မိုက်ကယ်ကျော်မြင့်အား လက်ခံထားသည့် ယောက္ခမဖြစ်သူအား အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေ

ဖမ်းဝရမ်း ထုတ်ခံထားရသော မိုက်ကယ်ကျော်မြင့်အား လက်ခံထားသောကြောင့် ယောက္ခမဖြစ်သူကို ရာဇသတ်ကြီးပုဒ်မ ၂၁၆ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် တရားရုံး၊ ရာကြီးအမှုအမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ဖမ်းဆီးဝရမ်းဆင့်ထုတ်ထားသည့် ကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်အား သိလျက်နှင့် လက်ခံထားသည် ဟုဆိုကာ ယောက္ခမဖြစ်သူ ဦးကျော်မောင် (၈၀ နှစ်) အား အရေးယူပေးရန် ရဲအုပ်မင်းမင်းထွန်းမှ တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။



ထိုကဲ့သို့ အရေးယူရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်ကဲ့ ကျွန်တော်တို့ ရဲလုပ်ငန်းစဉ် ဆောင်ရွက်နေပါတယ်ခင်ဗျ။ အသေးစိတ် ပြောလို့မရပါဘူး” ဟု ရဲမှူး ကျော်မြင့်ရွှေက ပြောကြားခဲ့သည်။ တရားရုံးမှ ဖမ်းဝရမ်းဆင့်ထုတ်ထားသူကို လက်ခံထားသောကြောင့် ဦကျော်မောင်အား ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ ရဲကင်းစခန်းတွင် (ပ) ၂၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၂၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီးနောက် မိတ္တီလာ မြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်းကာ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် သက်ဆိုင်ရာ ရဲစခန်းသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်မေလ ၁၅ ရက်နေ့ က ဒဂုံမြို့သစ်တောင်ပိုင်း၊ ၆၄ ရပ်ကွက်နှင့် ၁၀၆ ရပ်ကွက် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြူဆုတောင်းနေသော နေရာအား လူစုလူဝေးဖြင့် လာရောက်ပြီး တားဆီးခဲ့ရာတွင် ဦးဆောင်သည် ဟုဆိုကာ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့အား ဒဂုန်မြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှုးမှ တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် ရာကြီးမှုအမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် အမှု့ဖွင့်ခဲ့ရာ မေလ ၁၆ ရက်နေ့တွင် ဖမ်းဝရမ်း ထုတ်ခဲ့သော်လည်း တိမ်းရှောင်ထွက်ပြေး နေခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်နှင့်အတူ အမှု့ဖွင့်ခံထားရသော သီဟမျိုးနိုင် ဆိုသူမှာ လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရဲစခန်းသို့ လာရောက် ဖမ်းဆီးခံခဲ့ကြောင်း သိရှိရသည်။ မိုက်ကယ်ကျော်မြင့်သည် ၂၀၁၇ ခုနှစ် အတွင်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိသည် မြေကိစ္စတွင် လာဘ်စားသည်ဟုဆိုကာ စွပ်စွဲမှု ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ်ခြောက်လ၊ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့သည်။ ယင်းအပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့် ထောင်ဒဏ်တစ်လ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment