Wednesday, June 12, 2019

ဖမ်းဆီးရမိခြင်း မရှိသေးသည့် ဦးဝီရသူအား တရားခံပြေးအဖြစ် လက်ရှိအချိန်ထိ သတ်မှတ်ထားခြင်း မရှိသေးဘဲ အမှုအား မျက်ကွယ်စစ်ဆေးမည်

ဖမ်းဆီးရမိခြင်း မရှိသေးသည့် မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူအား တရားခံပြေးအဖြစ် လက်ရှိအချိန်ထိ သတ်မှတ်ထားခြင်း မရှိသေးဘဲ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ဇွန် ၁၁ ရက်တွင် ပြောကြားသည်။ ဦးဝီရသူအမှုနှင့် ပတ်သက်ပြီး ဇွန် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် ရန်ကုန်တိုင်းအမှတ် ၂ သတင်းရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်၊ ဒဂုံအရှေ့မြို့ နယ် (၁၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့အား စစ်ဆေးခဲ့သည်။



“အကြမ်းဖျဉ်း ကျွန်တော်ပြန်ရှင်းပြရမယ်ဆိုရင် ဒီနေ့ ဦးဝီရသူ ဖမ်းဝရမ်းထုတ်တဲ့ အတည်မဖြစ်တဲ့အကြောင်း သတင်းရဲတပ်ဖွဲ့က ဒုရဲမှူးတင်ထွန်းက ဖမ်းဝရမ်း အတည်မဖြစ်တဲ့အကြောင်း ပြန်သွင်းလာတယ်။ ပြန်သွင်းလာတော့ သူ့ကိုစစ်တယ်။ သူပြတဲ့ (၁၁) ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နဲ့ ဆယ်အိမ်မှူးကို စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ သူတို့ရဲ့ ထွက်ချက်အရ စွပ်စွဲခံရသူက လတ်တလော ဖမ်းဆီးဖို့ရာ အကြောင်းမရှိတဲ့ အတွက်ကြောင့် သူ့ရဲ့မျက်ကွယ်မှာ အမှုကိုစစ်ဆေး ဆောင်ရွက်သွားမယ် ဆိုပြီးတော့ အမိန့်ချပြီးတော့ တရားလိုကို စစ်ဖို့ ၁၈ ရက်နေ့ကို ချိန်းဆိုထားတယ်။ ဒီနေ့လုပ်ဆောင်ချက်ပါ။ အခုချိန်ထိကတော့ တရားခံပြေး ကြေငြာမယ့်အဆင့် မရောက်သေးပါဘူး။ ခုနက ရှင်းပြသွားတဲ့အတိုင်း လတ်တလော ဖမ်းဆီးရမိရန် အကြောင်းမရှိတဲ့အတွက် မျက်ကွယ်မှာ အမှုကို စစ်ဆေးဖို့ အမိန့်ချပြီးတော့ တရားလိုစစ်ဖို့ အဆင့်ပါ။ တရားခံပြေးအဖြစ် လက်ရှိအခုချိန်ထိ သတ်မှတ်ခြင်း မရှိသေးဘူး။ အဆင့်မရောက်သေးဘူး” ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ပြောကြားသည်။ လာမည့်ရုံးချိန်းတွင် အမှုမှ တရားလို အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းအား စတင်စစ်ဆေးမည်ဖြစ်သည်။

ဆရာတော် ဦးဝီရသူအား အမှုဖွင့်ခြင်းမှာ ၂၀၁၉ ခုနှစ် မေ ၅ ရက်တွင် ရန်ကုန်မြို့အတွင်း ပြုလုပ်သည့် ပွဲတစ်ခုတွင် ゞင်းဟောပြောခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူအား ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဆုံးမသြဝါဒပေးရန် မေ ၃၀ ရက်တွင် ချိန်းဆိုထားသော်လည်း အခြေအနေအရ ဆိုင်းငံ့ကြောင်း မေ ၂၉ ရက်တွင် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဇွန် ၃ ရက်တွင် သာသနာရေး ဝန်ကြီးဌာနက ဦးဝီရသူအား ဆုံးမသြဝါဒပေးမည့် အချိန်အား ပြန်လည် ကြေညာမည်ဖြစ်ကြောင်း၊ ဆုံးမသြဝါဒပေးမှုကို လိုက်နာခြင်း မရှိပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် (၂၀/၉၀) ဖြင့်တရားစွဲဆိုမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆရာတော် ဦးဝီရသူကို ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင် တရားရုံး၌ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် မေ၂၈ ရက်တွင် တရားစွဲဆိုခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment