Wednesday, May 29, 2019

တိုင်းရင်းသားမျိုးနွယ်စုများ၏ အခြေခံအချက်များ ကောက်ယူ

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၉-၂၀၂၈) ရေးဆွဲရန် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့် အခြေခံ အချက်အလက်များ အသိပညာပေးဟောပြောခြင်းနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံ အချက်အလက်များ ကောက်ယူခြင်းကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ ခုမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဟောပြောခြင်းနှင့် အခြေခံအချက်များကောက်ယူခြင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် အေးသာယာမြို့၊ နောင်အင်ကျေးရွာရှိ “ထနော့” တိုင်းရင်းသားမျိုးနွယ်စုများအား လည်း ကောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ နောင်မူ ကျေးရွာရှိ “တောင်ရိုး” တိုင်းရင်းသားမျိုးနွယ်စုများအားလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ဂေါ်ရာကုန်း ကျေးရွာရှိ “တရဲ(တိုင်းလိုင်း)” တိုင်းရင်းသားမျိုးနွယ်စုများ အားလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မေလတွင် နမ့်စန်မြို့နယ်၊ မက်မုန်မွန်းကျေးရွာအုပ်စု၊ တာဆိုင်းကျေးရွာရှိ “ယင်းနက်” တိုင်းရင်းသားမျိုးနွယ်စု များအားလည်းကောင်း၊ နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာရှိ “ယင်းကြား” တိုင်းရင်းသားမျိုးနွယ်စု များအားလည်းကောင်း ကွင်းဆင်း စစ်တမ်းကောက်ယူရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ မြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ က အမှာစကားများ ပြောကြားပြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ဟွမ် မှ ဝန်ကြီးဌာန ဖွဲ့စည်း၍လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဌာန၏လုပ်ငန်းစဉ်များ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်း မှ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ ဦးစီးအရာရှိ ဒေါ်သဲသဲမာ မှ စစ်တမ်းကောက်ယူမည့် အချက်အလက် များအား ရှင်းလင်းဆွေးနွေးခဲ့ကာ တိုင်းရင်းသားရေးရာအခြေခံအချက်အလက်များကို ကောက်ယူသည်။
အဆိုပါအခြေခံအချက်အလက်များ ကောက်ယူမှုနှင့် ဆွေးနွေးချက်များမှ ရရှိသည့် အချက်အလက် အစီရင်ခံစာများအပေါ် အခြေခံပြီး မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment