Wednesday, May 29, 2019

လမိုင်းမြို့တွင် စုငွေလေလံမဲကြေးသိန်းပေါင်း ၂ သိန်းနီးပါးပေးလျော်ရန်ကျန်ရှိနေမှုကို သက်ဆိုင်ရာက ညှိနှိုင်းပေးထား

လမိုင်းမြို့တွင် အွန်လိုင်းစုငွေချေးလေလံမဲလုပ်ငန်းမှ နစ်နာသူများကို ငွေစုဒိုင်က ယနေ့(မေလ ၂၈ ရက်)တွင် လျော်ကြေးငွေအချို့ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် အွန်လိုင်းပေါ် ငွေစုငွေချေးလေလံမဲလုပ်ငန်းနှင့်ပတ်သက်၍ ငွေစုဒိုင် နှင့် ငွေစုငွေထည့်သူများအကြား ပြဿနာများဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိများ၏ နှစ်ဖက် ညှိနှိုင်းပေးမှုကြောင့် နစ်နာသူများကို ငွေစုဒိုင်က မေလ ၂၈ ရက်၊ နံနက်ပိုင်းတွင်လျော်ကြေးငွေ ၂ ရာခိုင်နှုန်း ထပ်မံပေးခဲ့ကြောင်း သိရသည်။


“ဒီနေ့ တစ်ယောက်ကို ၂ ရာခိုင်နှုန်းထပ်ပေးခဲ့တယ်။ ပထမ ၆ ရာခိုင်နှုန်းပေးခဲ့တာနဲ့ဆိုင်ရင် စုစုပေါင်း ၈ ရာခိုင်နှုန်းရှိသွားပြီ။ သူပေးရမယ့်ငွေပမာဏကတော့ သူ့အပြောအရပေါ့။ သိန်းပေါင်း ၂ သိန်းလောက်ရှိတယ်။ တချို့ကလည်း အကုန်လုံးဆုံးရှုံးသွားတာနဲ့စာရင် ဒီလိုမျိုးပြန်ပေးတာဟာ အရှုံးထဲကအမြတ်လို့ ခံယူကြတယ်။ ကျွန်တော်တို့ကတော့ နှစ်ဦးနှစ်ဖက်ပြေလည်သွားအောင် ဆောင်ရွက်ပေးခဲ့တယ်။ အခုလိုပြန်ပေးတဲ့အပေါ် မကျေနပ်တာပဲဖြစ်ဖြစ် အားမရတာပဲဖြစ်ဖြစ် နစ်နာသူတွေအနေနဲ့ တရားဥပဒေအရသွားလို့ရတယ်။ လက်ရှိအချိန်ထိတော့ အခုလျော်ကြေးငွေပြန်ပေးတဲ့သူကို အမှုဖွင့်ထားတာမျိုးမရှိသေးပါဘူး” ဟု မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သီဟက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါငွေစုဒိုင်မှာ မြို့မ(၁)ရပ်ကွက်၊ ဘုရားလမ်းရှိ အိမ်အမှတ် (၄၈ ၃)နေ မငြိမ်းချမ်းဆိုသူဖြစ်ပြီး နစ်နာသူ တစ်ဦးလျှင် ၂ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၄၇၀ ဝန်းကျင်ခန့် ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မေလ ၂၆ ရက်က လည်း နစ်နာတစ်ဦးလျှင် ၆ ရာခိုင်နှုန်း ပြန်လည်ပေးအပ်ခဲ့သေးကြောင်း ၄င်းပြောပြချက်အရ သိရသည်။

“ငွေဒိုင်လုပ်တာကတော့ မခိုင်ယမုံရယ်၊ မငြိမ်းချမ်းရယ် သူတို့နှစ်ယောက်ပေါ့။ မခိုင်ယမုံကတော့ အခုလက်ရှိမှာ အချုပ်ထဲမှာ။ သူ့ဆီ က လုယက်ကြတော့ ဘာမှမကျန်တော့ဘူး။ မငြိမ်းချမ်းကတော့ ဒီလိုမျိုးသတင်းတွေ ဘာတွေကြားတော့ ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ညှိနှိုင်းကြပြီး ပြန်လျော်ပေးပါ့မယ်လို့ ကတိကဝတ်ပြုထားတယ်။ လူတွေကလည်း ယုံကြည်ကြတော့ သူ့အိမ်ကိုသွားပြီး ပြဿနာတွေဘာတွေရှာတာတော့ မလုပ်ကြဘူး။ သူပြုထားတဲ့အတိုင်း သူ့ပြောကြားချက်အရ ပြန်သိရတာကတော့ လျော်ရမယ့်ပမာဏဟာ သိန်းပေါင်းနှစ်သိန်း လောက်ရှိတယ်။ ဒါပေမယ့် သူ့ဆီမှာလက်ရှိ ရှိနေတဲ့ငွေပမာဏဟာ သိန်းပေါင်း ၁၂၀၀၀ လောက်ပဲရှိတယ်။ နောက်တစ်ခုက ဘဏ်မှာလည်း သိန်း ၈၀၀၀ လောက်ရှိသးတယ်လို့ ပြောပါတယ်။ သို့သော် ဘဏ်ကပိုက်ဆံကတော့ မထုတ်ရသေးဘူးပေါ့” ဟု မွန်ပြည်နယ်လွှတ်တော်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ငွေစုဒိုင်ဖြစ်သူ မငြိမ်းချမ်းအိမ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး ချထားပေးကြောင်း သိရသည်။

No comments:

Post a Comment