Wednesday, May 29, 2019

အခကြေးငွေရယူသည့် ကိစ္စများအပါအဝင် တိုင်ကြားခံထားရသော ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအရာရှိကို စစ်ဆေးနေပြီး ကျူးလွန်သည့်အတိုင်းအတာပေါ် မူတည်၍ အရေးယူမည်

အခကြေးငွေရယူသည့် ကိစ္စများအပါအဝင် တိုင်ကြားခံထားရသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိကို စစ်ဆေးနေပြီး ကျူးလွန်သည့် အတိုင်းအတာပေါ် မူတည်၍ အရေးယူသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ေ နပြည်တော်၌ မေ ၂၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။



“Demand Latter တွေ တောင်းဆိုတဲ့ နေရာမှာ တချို့ဟာကို ကြန့်ကြာအောင် လုပ်တယ်။ တချို့ဟာကို ငွေယူတယ်။ ဒါတွေကို သူတို့ တိုင်ကြားတာပါ။ ဒါကိုလည်းပဲ အဲဒီသံအရာရှိကို ခေါ်ယူပြီးတော့ စစ်ဆေးနေပါတယ်။ တိုင်ကြားသူများကိုလည်း ခေါ်ယူစစ်ဆေးနေပါတယ်။ ကျန်တဲ့MOEAF အဲဒီအဖွဲ့တွေကိုလည်း ခေါ်ယူပြီးတော့မှ စစ်ဆေးနေပါတယ်။ သူကျူးလွန်တဲ့အတိုင်းအတာပေါ် မူတည်ပြီးတော့ အရေးယူသွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးနေပြီး အဆိုပါအဖွဲ့၏ တင်ပြချက်ရမှသာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့်အညီ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ゞင်းက ပြောကြားသည်။

ထို့ပြင် လာအိုနိုင်ငံသို့ ရောက်ရှိနေသော တရားမဝင် အလုပ်သမားများနှင့် ပတ်သက်၍လည်း ဥပဒေနှင့်အညီ အကာအကွယ် ရရှိရန် လာအိုအစိုးရနှင့် နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးလျက်ရှိသော်လည်း သဘောတူညီမှုမရသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“လာအိုကိစ္စက အခုအချိန်ထိညှိနှိုင်း ဆွေးနွေးတုန်းရှိပါသေးတယ်။ သဘောတူညီမှု မရသေးပါဘူး။ တချို့မီဒီယာတွေမှာ ရေးကြတယ်။ လာအိုကို အလုပ်သမားပို့တော့မယ်ဆိုပြီးတော့ ရေးကြတယ်။ အလုပ်သမားပို့ဖို့ မဟုတ်ဘူး။ လက်ရှိအနေအထားအရ လာအိုမှာ လေးသောင်းလောက် ရောက်နေတယ်။ တချို့ဆိုရင် ရွာတောင်တည်ထားတယ် ပြောတယ်။ လာအိုနိုင်ငံမှာရှိတယ် ဆိုတော့လည်းပဲ လာအိုနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တြိဂံဒေသမှာ ကုမ္ပဏီတွေ ရှိတာပေါ့နော်။ ကုမ္ပဏီတွေရှိတယ်။ ကာစီနိုတွေရှိတယ်။ ဟိုတယ်တွေရှိတယ်။ အခြားလုပ်ငန်းတွေ ရှိတယ်။ ရေအားလျှပ်စစ်ထုတ်တဲ့ လုပ်ငန်းတွေရှိတယ် အဲဒီမှာသွားလုပ်လို့ ရတယ်။ အဲဒီ အလုပ်သမားတွေက မိမိသဘောနဲ့မိမိတို့သွားတာ တရားဝင်သွားတာ မဟုတ်ဘူး။ အဲဒီအတွက်ကို သူတို့က ပတ်စ်ပို့လည်း ယူမသွားဘူး။ ဘော်ဒါပတ်စ် ပို့နဲ့ သွားကြတာ။ အဲဒီတော့ ခုနစ်ညအိပ် ရှစ်ရက်လောက်ပဲရတယ်။ ၁၄ ည အိပ် ၁၅ ရက်လောက်ပဲရတယ်။ အဲဒီတော့သူတို့ မကြာမကြာ ပြန်လာနေရတယ်။ ဟိုဘက်ကလည်း တရားဝင်မဟုတ်တဲ့အတွက် ဒီအလုပ်သမားတွေဟာ ရသင့်တဲ့ လုပ်ခလခ မရဘူး။ ဥပေဒရဲ့ အကာအကွယ်မရှိဘူး။ အဲဒီအတွက်ကို ရောက်လည်းရောက်နေတဲ့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ အကာအကွယ်လည်းရရှိအောင် လာအိုအစိုးရ ကနေပြီးတော့ ဒါကိုလုပ်ချင်တယ်ဆိုလို့ ဆောင်ရွက်ပေးတာပါ။ အဓိကကတော့ ရောက်ရှိပြီးသား အလုပ်သမားတွေအတွက် ဥပဒေနဲ့အညီ အကာအကွယ်ရရှိအောင်လို့ စီစဉ်ဆောင်ရွက်ပေးတာပါ။ အခု အချိန်ထိ MoU ညှိနှိုင်းဆဲပဲရှိပါသေးတယ်။ ဘာမှ လက်မှတ်မထိုးရသေးပါဘူး။ အဲဒါကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့်  သက်ဆိုင်ရာနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ဦးသိန်းဆွေက ပြောကြားသည်။

No comments:

Post a Comment