Wednesday, May 29, 2019

ကိုဆိုဗိုရဲများက ဆာ့ဘ်အများစုနေထိုင်သော မြောက်ပိုင်းကိုဝင်ရောက်ပြီး ရာဇဝတ်မှုများနှိမ်နင်းကြောင်း ပြောကြားခဲ့ပြီးနောက် ဆားဘီးယားက တပ်ဖွဲ့ဝင်များကို အသင့်အနေအထားပြင်ဆင်ထားရန် တပ်လှန့်

မေ ၂၈ ရက် အစောပိုင်းက ယခင်ဆားဘီးယားပြည်နယ်တစ်ခုဖြစ်သော ကိုဆိုဗိုက ဆာ့ဘ်တို့အများစုနေထိုင်သော မြောက်ပိုင်းဒေသတွင် ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် ကိုဆိုဗိုရဲများက စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ကိုဆိုဗိုနှင့် ဆားဘီးယားတင်းမာမှု မြင့်တက်နေခဲ့သည်။

ကိုဆိုဗိုရဲများသည် ဆားဘီးယားနှင့်နယ်စပ် မြောက်ပိုင်းဒေသတွင် ရာဇဝတ်ဂိုဏ်းများအား စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ရဲအရာရှိအချို့နှင့် အရပ်သားအချို့ကို ထိန်းသိမ်းခဲ့ကြောင်း ကိုဆိုဗိုအထူးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဆာ့ဘ်လူမျိုးထက်ဝက်ခန့် နေထိုင်သော နော့မီထရိုဗီကာပြည်နယ်တွင် မှောင်ခိုဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများအား နှိမ်နင်းခဲ့ရာ လက်နက်ကိုင်ခုခံမှုနှင့် ကြုံခဲ့ရကြောင်း ကိုဆိုဗိုအာဏာပိုင်များက ပြောကြားခဲ့သည်။ ဒေသခံများက ရဲစစ်ဆင်ရေးကို ဟန့်တားရန် အတားအဆီးများချထားခဲ့ရာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီးနောက် အရပ်သားနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

ဖမ်းဆီးထားသူအရေအတွက်ကို ကိုဆိုဗိုရဲတပ်ဖွဲ့က ထုတ်ဖော်မပြောကြားခဲ့ဘဲ အယ်ဘေးနီးယားများ၊ ဆာ့ဘ်များနှင့် ဘော့စနီးယားများပါဝင်ကြောင်း ပြောကြားသည်။ ၁၉၉၈-၁၉၉၉ စစ်ပွဲပြီးနောက် ဆားဘီးယားမှ ခွဲထွက်ခဲ့သော ကိုဆိုဗိုသည် မြောက်ပိုင်းတွင်ရှိနေသည့် ဆာ့ဘ်တိုင်းရင်းသားများအား အာဏာတည်ရန် ရုန်းကန်နေရသည်။ မြောက်ပိုင်းရှိ ဆာ့ဘ်အများစုသည် ဆားဘီးယားကို သစ္စာခံနေဆဲဖြစ်သည်။

ကိုဆိုဗိုရဲများ၏ စစ်ဆင်ရေးကြောင့် ယခင်ကတည်းက တင်းမာနေခဲ့သော ရန်သူတော်ဟောင်းများအား ဆက်ဆံရေးကို ဆိုးရွားစေခဲ့သည်။ ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချီက ဆာ့ဘ်နှင့် ဘော့စနီးယား ၂၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ သမ္မတက တပ်ဖွဲ့ဝင်အားလုံး အသင့်အနေအထား တပ်လှန့်ထားရန် အမိန့်ပေးထားကြောင်း ပါလီမန်၌ ပြောခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်လာနိုင်ခြေရှိသော ထိုနှစ်နိုင်ငံအား ပုံမှန်ဆက်ဆံရေး တည်ဆောက်ကြရန် ဥရောပသမဂ္ဂက ဖိအားပေးထားသည်။ သို့သော်လည်း ဆွေးနွေးပွဲများ တုံ့ဆိုင်းနေပြီး သံတမန်ရေးတင်းမာမှုက မကြာမကြာ ဖြစ်နေခဲ့သည်။ ယမန်နှစ် နိုဝင်ဘာတွင် ဆားဘီးယားကုန်ပစ္စည်းများအား အခွန် ၁၀ဝ ရာခိုင်နှုန်းကောက်ခံရန် ပြဋ္ဌဌာန်းမှုကို ကိုဆိုဗိုက မဖယ်ရှားလျှင် ဥရောပသမဂ္ဂ ဦးဆောင်သော ဆွေးနွေးပွဲသို့ ပြန်လာမည် မဟုတ်ကြောင်း ဆားဘီးယားသမ္မတက မေ ၂၇ ရက်တွင် သတိထပ်ပေးခဲ့သည်။ ကိုဆိုဗိုအား ကမ္ဘာတစ်ဝန်းမှ အသိအမှတ်ပြုမှုကို ဟန့်တားရန် ဆားဘီးယားက ကြိုးပမ်းနေမှုအား လက်တုံ့ပြန်သည့်အနေဖြင့် ကိုဆိုဗိုက အခွန်ပြဋ္ဌဌာန်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံအများစုအပါအဝင် နိုင်ငံ ၁၀ဝ ကျော်က ကိုဆိုဗိုကို အသိအမှတ်ပြုထားသည်။

No comments:

Post a Comment