Wednesday, May 29, 2019

အင်ဒိုနီးရှားဆန္ဒပြသူများမှာ ထိပ်တန်းအရာရှိလေးဦးကို လုပ်ကြံရန် အစီအစဉ်ရေးဆွဲထား

အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပွားခဲ့သော နှစ်ညတာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ပတ်သက်ခဲ့သူများသည် နိုင်ငံတော်ထောက်လှမ်းရေးမှူးချုပ်နှင့် ၀န်ကြီးနှစ်ဦးအပါအ၀င် ထိပ်တန်းခေါင်းဆောင် လေးဦးကို လုပ်ကြံရန်အထိ အစီအစဉ်ရေးဆွဲထားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။



အင်ဒိုနီးရှား ရဲမှူးချုပ် ကာနာဗီယန်သည် ၎င်းတို့အနေနှင့် ဖမ်းဆီးရမိထားသူများအနက်မှနေ၍ လူခြောက်ဦးကို ခွဲခြားစစ်မေးခဲ့ရာတွင် ယင်းအစီအစဉ်ကို သိရှိလိုက်ရခြင်းဖြစ်ကြောင်း အသိပေးသွားခဲ့ပြီး အခြားမည်သို့သော အစီအမံများ ထပ်ရှိသေးသည်ကို သိနိုင်စေရန်အတွက် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်းလည်း ရဲမှူးချုပ် ကာနာဗီယန်က ရှင်းပြသွားခဲ့သည်။

အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့သည့်ဧပြီလ၌ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် လက်ရှိသမ္မတဝီဒိုဒိုက ဒုတိယသက်တမ်း အောင်ပွဲခံသွားခဲ့ကြောင်း အတည်ပြုကြေညာလိုက်ပြီး တစ်ရက်အကြာတွင် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သူများက ဆူပူဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြသူများမှာ အတိုက်အခံခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ဟောင်း ဆူဘီယန်တိုကို ထောက်ခံသူများဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သည့်အတွက် လူထုအုံကြွမှုဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် လူခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှာ မျက်ရည်ယိုဓာတ်ငွေ့များ၊ ရာဘာကျည်များကို အသုံးပြု၍ လူစုခွဲရန် ကြိုးပမ်းခဲ့ကြရသည်။

အတိုက်အခံခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း ဆူဘီယန်တိုသည် လက်ရှိအချိန်တွင် ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်ခြင်းမရှိကြောင်းကို ဥပဒေကြောင်းအရ တိုက်ပွဲဝင်ရန် စီစဉ်နေပြီဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများကမူ ၎င်းတို့အနေနှင့် မဲရေတွက်ရာတွင် မမှန်မကန် ဆောင်ရွက်ခဲ့ခြင်း လုံးဝမရှိသည့်အတွက် အရာရာကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။

No comments:

Post a Comment