Wednesday, May 29, 2019

ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒုတိယအကြိမ်မြောက် ခြေဥ ပြင်ဆင်သည့် ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်း

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းအပါအ၀င် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတင်သွင်းထားသည့် အပေါ် နာယက ဦးတီခွန်မြတ်မှ လွှတ်တော်သို့ အသိပေးခဲ့သည်။ အဆိုပါ ဥပဒေ မူကြမ်း တစ်ရပ်ကို ဒေါက်တာမောင်သင်းအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦးတို့ မှ လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့ရာ လွှတ်တော်ရုံးမှ မတ်လ ၁၅ ရက်နေ့က လက်ခံရရှိခဲ့ကြောင်း သိရသည်။



“အဆိုပါဥပဒေမူကြမ်းတင်ပြလာမှုနဲ့ စပ်လျဉ်းပြီ စီစစ်ရာမှာ လက်ရှိပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးရဲ့ ၂၀ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးထားတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ နှင့် အညီ လက်ခံဆွေးနွေးရမှာ ဖြစ်ပါတယ်”ဟု ဦးတီခွန်မြတ်ကပြောကြားခဲ့သည်။

ယင်း ဥပဒေ မူကြမ်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ၁၃၅ နှင့် အညီ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ် လေ့လာစီစစ်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်အားလုံးပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ပြင်ဆင်ခြင်းဥပဒေမူကြမ်းလေ့လာ စီစစ်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ရုံးမှ မေလ ၂၉ ရက် ရက်စွဲ ပါအမိန့်ကြေညာစာ အမှတ် ၄၁ / ၂၀၁၉ ဖြင့် ဖွဲ့စည်းရန် တာဝန်ပေးအပ်ထားကြောင်း ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ပထမအကြိမ် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် အဖွဲ့ တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း(ပုဒ်မ ၂၆၁၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် သက်ဆိုင်ရာလွှတ်တော်များမှ ၀န်ကြီးချုပ်ခန့်အပ်နိုင်ရေး) ကို ၄၅ ဦး ပါဝင်သည့် ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ထည့်သွင်းမှုတွင် ကန့်ကွက်မှုများရှိခဲ့သည်။

ထိုသို့ ကန့်ကွက်မှုများရှိခဲ့သော်လည်း မေလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ထည့်သွင်းရန် လွှတ်တော်မှ အတည်ပြု လိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment