Wednesday, May 29, 2019

လျှပ်စစ်အန္တရာယ်ကင်းရေး သစ်ပင်သစ်ကိုင်းများခုတ်ရာတွင် ရန်ကုန်စည်ပင် ပူးပေါင်းဆောင်ရွက်မှု အားနည်းဟု လျှပ်စစ်ဒုဝန်ကြီးပြော

 ပြည်သူများ လျှပ်စစ်အန္တရာယ်   ကင်းဝေးရေး လျှပ်စစ်ကြိုးများနှင့်     မလွတ် သည့် သစ်ပင်သစ်ကိုင်းများ ခုတ်ရာတွင် ရန်ကုန်စည်ပင်သာယာရေးကော်မတီက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ယမန်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော် အစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ၎င်းတို့မြို့နယ် တွင် ၂၀၁၇ ကစပြီး မြို့နယ် လျှပ်စစ်ဌာနက ၀န်ထမ်းအင်အား မရှိဟုဆိုကာ လျှပ်စစ်ကြိုးနှင့် မလွတ်သည့် အပင်အကိုင်းများကို ခုတ်ယူခြင်းမရှိတော့ကြောင်း၊ မြို့နယ်စည်ပင်အနေဖြင့်  လျှပ်စစ်ကြိုးနှင့် မလွတ်သည့် အပင်များ ခုတ်ရာတွင် လျှပ်စစ်မီးဖြတ်ပေးရန် လျှပ်စစ်ဌာနသို့ အကြောင်းကြား ဆောင်ရွက်နေရ၍ မိုးတွင်းကာလမတိုင်မီ လုပ်ငန်းများ ပြီးစီးနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း လွှတ်တော်သို့ တင်ပြ ဆွေးနွေးရာတွင် ဒုဝန်ကြီးက ပြန်လည် ရှင်းလင်းခဲ့ သည်။ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ရေးသည် သက်ဆိုင်ရာ နယ်မြေဒေသရှိ စည်ပင်သာယာလုပ်ငန်းကို တာဝန်ယူရသည့် အဖွဲ့၏ အဓိကတာဝန်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ဓာတ်လိုက်မှု အန္တရာယ်မဖြစ်ရေး ဓာတ်အားပိတ်ပေးရန် တာဝန်သည် လျှပ်စစ်ဌာန တာဝန်ဖြစ်ကြောင်း ဒုဝန်ကြီး  ပြောသည်။

‘‘လက်ရှိ ဖြစ်ပေါ်နေတဲ့ အ ခြေအနေတွေက သစ်ပင်သစ်ကိုင်းခုတ်ရန် တာဝန်ကို စည်ပင်သာယာရေး ကော်မတီဘက်က ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ၎င်းတို့ဘက်ကလည်း အခက်အခဲ ရှိတဲ့အတွက်ကြောင့် ပူးပေါင်း ဆောင်ရွက်မှုတွေ မဖြစ်ပေါ်ဘဲနဲ့ ဓာတ်ကြိုးပြတ်ကျရင် မလွှဲမရှောင်သာ တာဝန်ရှိနေတဲ့ လျှပ်စစ်ဌာနက သစ်ပင်၊ သစ်ကိုင်းခုတ် ရတဲ့ လုပ်ငန်းတာဝန်ကို ဘတ်ဂျက်စိုက် လူစိုက်ပြီး ထပ်မံတာဝန်ယူဆောင်ရွက်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်’’ ဟု ဒေါက်တာထွန်းနိုင်က ပြောသည်။

စည်ပင်ဘက်မှ လျှပ်စစ်ကြိုးနှင့်မလွတ်သည့် သစ်ပင်၊သစ်ကိုင်းများ ခုတ်ယူရန် အပြည့်အ၀ တာဝန်ယူပါက   လျှပ်စစ်အန္တရာယ် ကင်းဝေးရေး ဓာတ်အားပိတ်ပေး ခြင်းလုပ်ငန်းကို လျှပ်စစ်ဌာနက ပူးပေါင်းဆောင်ရွက်ရန် ရာနှုန်းပြည့် တာဝန်ယူသည်ဟု ဒုဝန်ကြီး က ဆိုသည်။

‘‘၀န်ထမ်း မရှိတဲ့အတွက် လျှပ်စစ်လုပ်ငန်းတွေ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွေကို အလှည့်ကျ တာဝန်ထမ်းဆောင်နေရတဲ့ အခက်အခဲကြားက လူအားစိုက်ပြီး ထပ်မံခုတ်ဖို့၊ ခုတ်ပြီးတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကိုလည်း စည်ပင်က လာရောက်သိမ်းဆည်းပေး ခြင်း မရှိဘဲနဲ့ လျှပ်စစ်ဌာနကပဲ သိမ်းဆည်းရဦးမယ်ဆိုတဲ့ နောက်ထပ် အခက်အခဲကို ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ဒီအခါမှာ လူအင်အားဟာအများကြီး လိုနေတာဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးက ပြော သည်။ ထိုသို့ အဆင်မပြေဖြစ်နေ သည့် ကိစ္စနှင့်ပတ်သက်၍  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပို ရေးရှင်းမှတစ်ဆင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်ဟု လွှတ်တော်သို့ တင်ပြသည်။

No comments:

Post a Comment