Wednesday, May 29, 2019

လာဘ်ငွေယူသည်ဟုတိုင်ကြားခံရသည့် မြန်မာအလုပ်သမားသံအရာရှိကို စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေး

 မြန်မာလုပ်သားများ ခေါ်ယူရေးနှင့်ပတ်သက်ပြီး အ လုပ်ခေါ်စာများ စိစစ်ရာတွင် လာဘ်ငွေရယူသည်ဟု တိုင်ကြားခြင်း ခံရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိတစ်ဦးကို စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေပြီး ကျူးလွန်ကြောင်း ပေါ်ပေါက်ပါက အရေးယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် တရားဝင်လုပ်သား စေလွှတ်သော လုပ်ငန်းရှင်များထံမှ လာဘ်ငွေရယူသည်ဆိုကာ သံအရာရှိ ဦးစန်းမောင်ဦးကို အလုပ်သမားအေဂျင် စီများက တိုင်ကြားထားခြင်းဖြစ်သည်။
တိုင်ကြားစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်၊ အဂတိတိုက်ဖျက်ရေး ကော်မရှင်နှင့် လွှတ်တော်သို့ ပေးပို့ထားသည်။ တိုင်ကြားခံရသည့် သံအရာ ရှိနှင့်ပတ်သက်၍ ၀န်ကြီး ဦးသိန်း ဆွေက ‘‘ဌာနတွင်း စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းပြီးတော့ စစ်နေ ပါတယ်။ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာ တင်ပြချက်အပေါ် မူတည်ပြီး တော့မှ ဆက်လက်ပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆုံးဖြတ် သွားမှာပါ။ Demand Latter တွေတောင်းဆိုတဲ့နေရာမှာ အချို့ ကြန့်ကြာအောင်လုပ်တယ်၊ တချို့ကို မြန်အောင်လုပ်တယ်၊  အဲဒီအပေါ်မှာ ငွေတောင်းတယ်၊ ငွေယူတယ် ဒါလေးကို သူတို့ တိုင်ကြား တာပါ’’ ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံအရာရှိကိုသာမက တိုင်ကြားထားသူများကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း၊  စစ်ဆေးရာတွင် ကျူးလွန်ကြောင်း ပေါ်ပေါက်ပါက  အရေးယူမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။ လာဘ်စားသည်ဟု တိုင်ကြားခံရသည့် ကိစ္စ၊ စုံစမ်းရေးအဖွဲ့ဖြင့် ဌာနတွင်း စစ်ဆေးနေသည် ဆိုသည့် ကိစ္စတို့နှင့်ပတ်သက်ပြီး မေးမြန်းရန် မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးထံ  ယမန်နေ့က ဖုန်းဖြင့်ဆက်သွယ်သော် လည်း အဆက်အသွယ်မရပေ။

No comments:

Post a Comment