Wednesday, May 29, 2019

အိုးလ်ထရက်ဖို့ဒ် ရဲ့ နှလုံးသားကို အမြဲတမ်းကိုင်လှုပ်နိုင်ခဲ့သူ

Image may contain: 2 people, people playing sports, stadium and outdoorမေလ ၂၆ ရက်နေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ရင်ဆိုင် ကစားသွားခဲ့တဲ့ ရန်ပုံငွေရှာဖွေပွဲကတော့ တကယ်ကို ရင် ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး မန်ယူပရိသတ်တွေကို အတိတ်ကအောင်မြင်မှုတွေဆီ တစ်ကျော့ပြန်ခေါ်ဆောင်သွားနိုင်ခဲ့ ပါတယ်။ မန်ယူဂန္ထ၀င်ကစားသမားတွေနဲ့ ဘိုင်ယန်မြူးနစ်ဂန္ထ၀င် ကစားသမားကြီးတွေ ရင်ဆိုင်ကစားခဲ့ကြတဲ့ ရန်ပုံငွေရှာဖွေပွဲဆိုပေမယ့် ဒီပွဲဟာ တစ်နည်းအားဖြင့် မန်ယူအသင်းရဲ့ ၁၉၉၉ ခုနှစ်က ဖလား သုံးလုံးရရှိခဲ့တဲ့ အောင်မြင်မှုရဲ့ အနှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲ လည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ ၁၉၉၈-၉၉ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားသုံးလုံးကို ရယူ နိုင်ခဲ့တာဖြစ်ပြီး အဲဒီအောင်မြင်မှုဟာ အသင်းသမိုင်းမှာရော ကမ္ဘာ့ ဘောလုံးသမိုင်းမှာပါ ထင်ရှားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဘာစီလိုနာရဲ့ နူးကမ့်ကွင်းကြီးထဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ တကယ့်ကို ပြောစမှတ် တွင်စရာဖြစ်ခဲ့တာပါ။ ပွဲချိန်တစ်လျှောက်လုံး ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ အရေးနိမ့်နေရာကနေ ပွဲပြီးကာနီး နောက်ဆုံးသုံးမိနစ်အတွင်း ရှရင်ဂမ်၊ ဆိုးလ်ရှားတို့ရဲ့ သွင်းဂိုးတွေနဲ့အနိုင်ရ ဗိုလ်စွဲခဲ့တာ ကြောင့် ၁၉၉၉ ဆုဖလားသုံးလုံး အောင်မြင်မှုဟာ မန်ယူအသင်းသမိုင်း မှာ အအောင်မြင်ဆုံးမှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါ တယ်။

အခုအခါမှာ အဲဒီအောင်မြင် မှုမှတ်တမ်းဟာ နှစ်ပေါင်း ၂၀ ကြာခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ဖလားသုံးလုံးအောင်မြင်မှု နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ၁၉၉၉ ချန်ပီယံ မန်ယူဂန္ထ၀င်ကစား သမားတွေနဲ့ ဘိုင်ယန်မြူးနစ်ဂန္ထ၀င်ကစားသမားတွေ ပြန်လည်ရင် ဆိုင်ကြတဲ့ ရန်ပုံငွေပွဲဟာ မန်ယူပရိသတ်တွေအတွက်တော့ အတိတ် ကာလကို တသသလွမ်းမောစရာပါပဲ။ အဲဒီအထိမ်းအမှတ်ပွဲမှာ မန်ယူဂန္ထ၀င်တွေဖြစ်ကြတဲ့ ရှမိုက်ကယ်၊ နစ်ကီဘတ်၊ ဒင်းနစ်အာဝင်၊ ဒေးဗစ်မေ၊ ပေါလ်စခိုး၊ ဒေးဗစ်ဘက်ခမ်း၊ ဂယ်ရီနဗီးတို့အပြင် ပက်ဂျီ ဆန်၊ ပိုဘော့စကီးတို့ပါဝင်ခဲ့သလို ဂန္ထ၀င်အသင်းကို နည်းပြကြီး ဖာ ဂူဆန်ကပဲ ကိုင်တွယ်ကြီးကြပ်ခဲ့တာကြောင့် အိုးထရက်ဖို့ဒ်ဟာ နှစ်ပေါင်း ၂၀ လောက်ပြန်လည် နုပျိုသွားခဲ့သလို ပရိသတ်တွေခံစားမိခဲ့ကြပါ တယ်။ ၁၉၉၉ ခုနှစ်က ဘိုင်ယန်မြူးနစ်ကို ဆိုးလ်ရှားရဲ့ နာကျင်အချိန် ပိုသွင်းဂိုးကြောင့်အနိုင်ရခဲ့သလို အခုနှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲမှာ လက်ရှိမန်ယူနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဆိုးလ်ရှားရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာကလည်း မန်ယူပရိသတ်တွေအတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
မန်ယူဂန္ထ၀င်အသင်းဟာ ရွိုင်းမက်ကေး၊ ဒီမစ်ချယ်လီ၊ ဇီးရော် ဘတ်တို၊ ဗန်ဘိုင်တန်တို့ပါဝင်တဲ့ဘိုင်ယန်မြူးနစ် ဂန္ထ၀င်အသင်းကို ဆိုးလ်ရှား၊ ဒွိုက်ယော့ခ်၊ နစ်ကီဘတ်၊ ဆာဟာ၊ ဒေးဗစ်ဘက်ခမ်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ငါးဂိုးပြတ်အနိုင်ရခဲ့ပြီး အဲဒီပွဲမှာ မန်ယူကစားသမား တွေရဲ့ခြေစွမ်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က အငွေ့အသက်တွေအများကြီး ပါဝင်နေခဲ့ပါတယ်။ ကွင်းလယ်လူ ပေါလ်စခိုးလ်ရဲ့ ဘောလုံးဖြန့်ကျက် ပုံ၊ ဒွိုက်ယော့ခ်သွင်းယူသွားတဲ့ ဒုတိယဂိုး၊ ဒေးဗစ်ဘက်ခမ်းရဲ့ ဖြတ် တင်ဘော၊ ဂိုးသမားရှမိုက်ကယ်နဲ့ ဂယ်ရီနဗီးတို့ရဲ့ နားလည်မှုရှိရှိ ကစားဟန်တွေဟာ လွန်ခဲ့တဲ့ နှစ် ပေါင်း ၂၀ က မန်ယူအသင်းကို မျက် ၀ါးထင်ထင်မြင်တွေ့ခဲ့ကြ့ရပါတယ်။

အထူးသဖြင့် အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း ရဲ့ ခြေစွမ်းဟာ မန်ယူပရိသတ်တွေ ပါးစပ်ဖျားမှာ တသ သပြန်ပြောနေရလောက်အောင် ကောင်းမွန်နေခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ အမှတ်တရ ပေါင်းများစွာကို ချန်ရစ်ခဲ့သူဖြစ်ပြီး အခုအခါမှာလည်း ပရိသတ်တွေကို ပြန်လည်တမ်းတစေတဲ့အထိ စွမ်းဆောင် ပြသွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ တိကျတဲ့ ဖြတ်တင်ပေးပို့ မှုတွေက ကစားဖော်တွေဆီ တိကျမှန်ကန်စွာရောက်ရှိခဲ့ တာကြောင့် လက်ရှိမန်ယူအသင်းရဲ့ ကစားပုံကို အားမလို အားမရဖြစ်နေကြတဲ့ မန်ယူပရိသတ်တွေအတွက် ဘက် ခမ်းကို ပြန်ခေါ်ထားချင်တဲ့ စိတ်ဖြစ် လာတဲ့အထိကို ဖြစ်ခဲ့ကြတာပါ။

ဒါကြောင့်လည်း မန်ယူအသင်း ရဲ့ တွစ်တာစာမျက်နာပေါ်မှာ ပရိသတ် တွေက သူတို့ရဲ့ အားမလို၊ အားမရမှုတွေ ကို တက်ရေးပြီး ဘက်ခမ်းကို ပြန်ခေါ်ပေး ဖို့ တောင်းဆိုတဲ့အထိကို ဖြစ်ခဲ့ကြတာပါ။ ပရိသတ်အများစုက လက်ရှိမန်ယူကစား သမား အက်ရှ်လေယန်း တစ်ရာသီ လုံး ကစားသွားခဲ့တာတောင် အထိမ်းအမှတ်ပွဲက ဘက်ခမ်းရဲ့ ဖြတ် တင်ဘောလောက် တောင် မတိကျခဲ့ဘူး လို့ နှိုင်းယှဉ် ရေးသားမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ ဘိုင်ယန်မြူးနစ်ဂန္ထ၀င်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ ညာတောင် ပံကနေ ဘယ်တောင်ပံကို ဘောလုံးဖြတ်တင်မှု၊ တိုက်စစ်မှူး ရှရင်ဂမ်ရဲ့ ခေါင်းပေါ်အရောက် ဘောလုံးဖြတ်တင်ပေးပို့မှုတွေဟာ တကယ့်ကို ငယ်ရွယ်နုပျိုတဲ့ ဒေးဗစ်ဘက်ခမ်းကို မြင်တွေ့လိုက်ရသလို ပရိသတ် တွေ ခံစားမိခဲ့ကြတာပါ။ ဒါတောင် ပရိသတ်တွေအနေနဲ့ သူ့ရဲ့ ဖရီး ကစ်ကန်ချက်ကို ပြန်မတွေ့ခဲ့ရပါဘူး။ ပွဲချိန်တစ်လျှောက်လုံးမှာ တစ် ကြိမ်သာ ကန်ခွင့်ရခဲ့ပြီး အဲဒီကန်ချက်ကလည်း နောက်တန်းတွေနဲ့ ထိ ထွက်သွားခဲ့လို့သာ လှပတဲ့ ဖရီးကစ်မဖြစ်သွားခဲ့တာပါ။

ဒီနေရာမှာ ဒေးဗစ်ဘက်ခမ်းရဲ့ အိုးလ်ထရက်ဖို့ အတိတ်ကာလ အကြောင်း အနည်းငယ်ပြန်တူးဆွချင်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်ကတည်းက မန်ယူနည်းပြကြီးဖာဂူဆန်ကိုယ်တိုင် စာ ချုပ်ချုပ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ မန်ယူအ သင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့ပြီး မန်ယူအသင်းနဲ့အတူ ပရီး မီးယားလိဂ်ဆုဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ ၁၉၉၉ ချန် ပီယံလိဂ်ဆုဖလားတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ညာ တောင်ပံ တစ်ဝိုက်မှာ ပြိုင် ဘက်တွေကို ထိတ်လန့် စေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ ဖြတ်တင်ပေးပို့မှုတွေ၊ ဖရီး ကစ်ကန်ချက်တွေ ကောင်းမွန် လွန်းတာကြောင့် ဂိုးဧရိယာရှေ့မှာ ပြိုင်ဘက်အသင်းတွေ အမှားမလုပ်ရဲလောက်အောင် သတိထားခဲ့ရတဲ့အထိ ကျော်ကြားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေမှာတော့ ဒေးဗစ်ဘက်ခမ်းဟာ အောင်မြင်ကျော်ကြား မှုဘက်ကို စိတ်ယိမ်းခဲ့ တာကြောင့် နည်းပြ ဖာဂူဆန်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ် လာခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ စပိန် ကလပ် ရီးရဲလ်မက်ဒရစ်အသင်း ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့ တဲ့ ၄ နှစ်တာ ကာလအတွင်း နည်းပြ ကာပယ်လိုနဲ့ အဆင်မပြေဖြစ်ခဲ့ပေမယ့် ပရော်ဖက်ရှင် နယ်အပီသဆုံး စိတ်ဓာတ်နဲ့ခြေစွမ်းကို ပြသခဲ့နိုင်ခဲ့လို့ ရီးရဲလ်မက်ဒ ရစ် ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်ခဲ့ရပြန်ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ အမေရိကန်မေဂျာလိဂ်ကလပ် ဂလက်ဆီ အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး အဲဒီကနေ ဥရောပထိပ်တန်းကလပ် တွေဖြစ်တဲ့ အေစီမီလန်၊ ပီအက်စ်ဂျီစတဲ့အသင်းတွေကို အငှားစာချုပ်နဲ့ သွားကစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ကစားသမားဘ၀ကနေ အနား ယူသွားခဲ့တာပါ။ ဒေးဗစ်ဘက်ခမ်းဟာ ကစားသမားဘ၀တစ်လျှောက် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၁၁၅ ပွဲ ပါဝင်ကစားကာ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ကို အပြည့်အ၀စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ မန်ယူကနေ ထွက်ခွာသွားခဲ့တာ ၁၆ နှစ် ကြာခဲ့ပြီဆိုပေမယ့် အိုးလ်ထရက်ဖို့ဒ်မြက်ခင်းပြင်တွေကို ပြန်ခြေချချိန် မှာတော့ မန်ယူပရိသတ်တွေရဲ့
အသည်းနှလုံးကို ဆွဲကိုလှုပ်နိုင်သူ တစ် ယောက်ဆိုတာကို ပြန်လည်သက်သေပြလိုက်နိုင်ခဲ့ပြန်ပြီပဲဖြစ်ပါတယ်။

No comments:

Post a Comment