Wednesday, May 29, 2019

အာနိုး ပါဝင်သည့် Terminator 6 ရုပ်ရှင်နမူနာ လေးရက်အတွင်း ကြည့်ရှုသူ ၁၅ သန်းကျော်ရှိ

တချိန်က နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး အာနိုး ခေါင်းဆောင်ပါဝင်တဲ့ ၆ ကားမြောက် Terminator: Dark Fate ရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာ ၄ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၅ သန်းကျော် ရှိနေပါတယ်။ သိပ္ပံဆန်းကြယ် အက်ရှင်အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ မူရင်း Terminator ဇာတ်လမ်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Cameron က David Ellison နဲ့အတူ ပူးတွဲထုတ်လုပ်မှာဖြစ်ပြီး နာမည်ကြီး Deadpool ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Tim Miller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။



နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Paramount Pictures က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်အသစ်ဟာ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Terminator 2: Judgement Day ရုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်မယ့် ရုပ်ရှင်ကားတကားလည်း ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မင်းသားကြီး အာနိုးနဲ့အတူ အရင် Terminator ရုပ်ရှင်ထဲမှာ အတူတွဲ သရုပ်ဆောင်ထားခဲ့တဲ့ မင်းသမီးကြီး လင်ဒါဟာမီလ်တန်ကလည်း ပါဝင်လာမှာဖြစ်လို့ တကျော့ပြန် ထွက်ရှိလာမယ့် ဇာတ်ကားအပေါ် ပရိသတ်တွေ စောင့်စားနေကြတာပါ။

မင်းသားကြီး အာနိုးနဲ့ မင်းသမီး ဟာမီလ်တန်တို့ဟာ The Terminator / T-800 နဲ့ Sarah Connor ဇာတ်ကောင်တွေအဖြစ် ပြန်လည်ပါဝင် သရုပ်ဆောင်ထားကြတာပါ။

သူတို့နှစ်ယောက်နဲ့အတူ Natalia Reyes, Mackenzie Davis, Gabriel Luna, Diego Boneta နဲ့ Jude Collie တို့ အပါအဝင် တခြားနာမည်ကျော် သရုပ်ဆောင်တွေလည်း အခုရုပ်ရှင်အသစ်မှာ ပါဝင်ထားပါတယ်။

၁၉၈၄ ခုနှစ်မှာ ပထမဆုံး ထွက်ရှိခဲ့တဲ့ ရုပ်ရှင် The Terminator နဲ့ နောက်ထပ်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေဟာ ဝင်ငွေစံချိန်တင် ရရှိခဲ့ပြီး ပရိသတ် လက်ခံအားပေးခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်တာမို့ ခုထွက်ရှိလာမယ့် ရုပ်ရှင်ကိုလည်း ပရိသတ်တွေ စောင့်မျှော်နေကြတာပါ။

ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ နဲ့ ၂၀၀ ကြား အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ ကမ္ဘာတဝှမ်း ရုံတင်ပြသမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

No comments:

Post a Comment