Wednesday, May 29, 2019

ကွန်ပျူတာ ဗိုင်းရပ်စ်(၆)မျိုးထည့်ထားတဲ့ လက်ပ်တော့တစ်လုံးကို အနုပညာပစ္စည်းအဖြစ် ကန်ဒေါ်လာ ၁.၃သန်းနဲ့ လေလံတင်

တရုတ်အနုပညာရှင် Guo O Dong ဆိုသူတစ်ဦးဟာ နာမည်ကျော် ကွန်ပျူတာဗိုင်းရပ်စ်(၆)မျိုးထည့်ထားတဲ့ လက်ပ်တော့ကွန်ပျူတာတစ်လုံးကို နယူးယောက် အွန်လိုင်း လေလံဝက်ဘ်ဆိုက်တစ်ခုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းနဲ့ လေလံတင်ရောင်းချလျှက်ရှိပါတယ်။ လက်ပ်တော့ ကွန်ပျူတာကလဲ ဘာမှထူးထူးခြားခြားမဟုတ်တဲ့ ၂၀၀၈ ခုနှစ်မော်ဒယ်လ်၊ စကရင် ၁၀လက်မသာရှိတဲ့ လက်ပ်တော့တစ်လုံးဖြစ်ပြီး၊ ခေတ်နောက်ကျနေပြီဖြစ်တဲ့ Windows XP မောင်းနှင်စနစ်ကိုတင်ထားတာပါ။


ဒါပေမယ့် ၂၀၀၀ ပြည့်နှစ်က နာမည်ကျော်ခဲ့တဲ့ "I LOVE YOU" ဗိုင်းရပ်စ်၊ ၂၀၀၃ ခုနှစ်က နာမည်ကျော်ခဲ့တဲ့”Sobig”ဗိုင်းရပ်စ်၊ ၂၀၀၄ ခုနှစ်က နာမည်ကျော်ခဲ့တဲ့ "MyDoom”ဗိုင်းရပ်စ်၊ ၂၀၁၃ ခုနှစ်က နာမည်ကျော်ခဲ့တဲ့ "DarkTequila" ဗိုင်းရပ်စ်၊ ၂၀၁၅ ခုနှစ်က နာမည်ကျော်ခဲ့တဲ့ ”BlackEnergy" ဗိုင်းရပ်စ်နဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း နာမည်ကြီးခဲ့တဲ့ ကွန်ပျူတာကိုသုံးမရအောင်လုပ်ပြီး ပြန်ပေးဆွဲပိုက်ဆံတောင်းတဲ့ "WannaCry" ဗိုင်းရပ်စ်တွေကို ကွန်ပျူတာရဲ့ မှတ်ဥာဏ် chips တွေထဲမှာ အသေထည့်ထားပါတယ်။

အဲဒီ ကွန်ပျူတာဗိုင်းရပ်စ်တွေကြော့် တကမ္ဘာလုံးမှာရှိတဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာ လုပ်ငန်းတွေမှာ စုစုပေါင်း ကန်ဒေါ်လာ ၉၅ ဘီလျံတန်ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို လူအများကို ဒုက္ခပေးခဲ့တဲ့ ကွန်ပျူတာဗိုင်းရပ်စ်တွေကို လှောင်ထားတဲ့ သူ့ရဲ့ လက်ပ်တော့ဟာ အနုပညာမြောက်လှတယ်လို့လဲ Guo O Dong ကဆိုပါတယ်။

အခု သူလေလံတင်ထားတဲ့ လက်ပ်တော့ကို သုံးမယ်ဆိုရင်တော့ အင်တာနက်(ဒါမှမဟုတ်) ကွန်ပျူတာကွန်ရက်တွေနဲ့ မချိတ်ဆက်ပဲ ကိုယ့်ဟာကိုယ်တစ်ယောက်ထဲသုံးဖို့ကိုလဲ Guo O Dong သတိပေးထားပါတယ်။ “ဒီဗိုင်းရပ်စ်တွေဟာ တကယ်ကို သက်ဝင်လှုပ်ရှားနေပြီး အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ်တွေဆိုတာကိုတော့ မမေ့ကြပါနဲ့”လို့လဲ သူကဆိုပါတယ်။ ၀ယ်မယ့်သူကတော့ ပေါ်မလာသေးဘူးလို့သိရပါတယ်။

No comments:

Post a Comment