Wednesday, May 29, 2019

ကျောင်းဖွင့်ရင် ကျောင်းသွားမယ်

"ကျောင်းဖွင့်ပြီလား ဆရာမ’’လို့ နေ့တိုင်းမေး တတ်တဲ့ ကလေးလေးတစ်ယောက် ဆေးရုံပေါ်မှာရှိပါသည်။ ‘‘မဖွင့်သေးဘူး။ မေလကုန်မှ ဖွင့်မှာ’’လို့ ကျွန်မပြန်ဖြေရင် ‘‘ဒီနေ့ဘယ်နှရက်နေ့လဲ’’လို့ ပြန် မေးတတ်သည်။ ‘‘သားကဒီနှစ်ဘယ်နှတန်း တက်မှာလဲ’’လို့ မေးရင် စိတ်အား ငယ်သွားတဲ့ရုပ်နဲ့ ‘‘တကယ်ဆိုသုံး တန်းတက်ရမှာ။ ဒါပေမဲ့ တကယ် လို့ ဒီနှစ်ကျောင်းနေဖြစ်ရင် တစ် တန်းပဲ ပြန်တက်ရမှာ’’လို့ ပြန်ဖြေ တတ်သည်။



 ကျောက်ကပ်ကင်ဆာရဲ့ ကင်ဆာဆဲလ် ဆက်လက်ပြန့်မှု ကြောင့် ခြေတစ်ဖက်ဖြတ်ထားရ တဲ့ ကလေးလေးဟာ အချိန်တိုင်း နာတယ်လို့ တိုးတိုးလေးညည်းနေ တတ်သည်။ မော်ဖင်းလို့ခေါ်တဲ့ ဘိန်းနွယ်ဝင် အကိုက်အခဲပျောက် ဆေးကြောင့် အနာသက်သာတဲ့ အချိန်မှာ တစ်တန်းဖတ်စာတွေ ကို ဖတ်နေတတ်သလို တစ်ခါ တစ်ရံ အရုပ်ပုံတွေကို ဆေး ရောင်ခြယ်နေတတ်သည်။

‘‘အမေ...သားဘယ်တော့ အိမ်ပြန်ရမယ်လို့ ဆရာဝန်ကြီးက ပြောလဲ’’လို့ သူ့အမေကို တဖွဖွ မေးတတ်သလို ‘‘ဆရာမသား အိမ်ပြန်ရတော့မလား’’လို့ ကျွန်မ ကိုလည်း ဆုံတိုင်းမေးသည်။ နာ ကျင်မှုကို အတိုင်းအတာတစ်ခု ထက်ပိုပြီး ကြိတ်မှိတ်ခံတတ်သ လို မိဘတွေအပေါ် ဂျီမကျတတ် တဲ့ ကလေးလေး။ သူဟာအနေ အေးလွန်းသည်။

‘‘သားသား ဆေးရုံက ဆင်း ရင် ဘာလုပ်ချင်လဲ’’လို့ ကျွန်မက မေးရင် ‘‘ကျောင်းသွားမှာပေါ့’’ လို့ မဆိုင်းမတွပြန်ဖြေတတ်သည်။

‘‘ဆေးရုံပေါ်မှာနေတဲ့ အချိန် မှာကော ဘာလုပ်ချင်လဲ’’လို့မေး တော့ ကျွန်မကိုငေးစိုက်ကြည့် ပြီး ‘‘ခုတင်ပေါ်မှာ ဘာလုပ်လို့ရ လို့လဲ’’လို့ ခပ်လေးလေးပြန်မေး တတ်သည်။

‘‘ဆေးရုံပေါ်မှာ သားစာဖတ် လို့ ရတယ်။ အရုပ်တွေနဲ့ ကစား လို့ရတယ်။ ပုံဆွဲလို့ရတယ်။ နောက်ပြီးတော့ ဆရာမနဲ့ စကား ပြောလို့ရတယ်’’

‘‘သားက တစ်တန်းစာတွေ ကို တစ်အုပ်လုံးအလွတ်ရနေပြီ’’

‘‘ဒါဆို ဆရာမစာအုပ်ဆိုင် ရောက်ရင် နှစ်တန်းစာအုပ်ဝယ် ခဲ့မယ်။ ပြီးတော့ သင်ပေးမယ်’’လို့ ပြောတော့ ‘‘တကယ်နော်’’တဲ့။

သူ့ကိုအပ်ထိုးပေးရတဲ့အ ချိန်တိုင်း အချိန်ပေးပြီး စကား ပြောဖြစ်ကြသည်။ (၁၀) နှစ်ဝန်း ကျင် သိနားလည်တတ်တဲ့အရွယ် ဆိုတော့ ပြောရင် အပြည့်အစုံနား မလည်သည့်တိုင် နားထောင် တတ်သည်။

တစ်နေ့ ကျွန်မကိုသူက ‘‘လူ တိုင်းကင်ဆာဖြစ်လားတဲ့၊ ကင် ဆာဖြစ်တဲ့သူတိုင်း ခြေထောက် ဖြတ်ရလားတဲ့’’ သူ့ဘ၀ကို နာ ကျင်တဲ့ပုံနဲ့မေးသည်။

‘‘လူတိုင်းတော့ ကင်ဆာ မဖြစ်ဘူးပေါ့သားရယ်။ ဖြစ်တဲ့သူ တွေလည်း အများကြီးပဲလေ။ သားတွေ့တာပဲဟာ။ သားတို့အခန်း မှာ ခုတင်လွတ်ရှိလို့လား’’လို့ ပြန် ဖြေတော့ ‘‘သူတို့တွေက ဘာလို့ ခြေထောက်မဖြတ်ရတာလဲ’’လို့ ကျွန်မကိုမေးပြန်သည်။

‘‘သူတို့ဖြစ်တဲ့ ကင်ဆာနဲ့ သားဖြစ်တဲ့ ကင်ဆာက အမျိုးအ စားမတူဘူး။ သူတို့က သွေးကင် ဆာတွေဖြစ်နေကြတာ။ သားက အကျိတ်ကင်ဆာဖြစ်တာ။ သားကြည့်ပါလား၊ သူတို့တွေ ခဏခဏနှာခေါင်းတွေ၊ ပါးစပ်တွေကနေ သွေးတွေ ထွက်ထွက်နေတာ။ သွေးတွေလည်း တစ်နေ့သုံး၊ လေး ထုပ်လောက် သွင်းနေရတာ’’လို့ ကျွန်မက သူဖြေသာအောင် ပြော မိသည်။ သူလည်း ရောဂါသည် ချင်းတူတူ သူ့ကျမှ လမ်းလျှောက် စရာ ခြေထောက်တစ်ဖက် မရှိတဲ့ အဖြစ်ကို အားငယ်နေပုံပေါက် သည်။

‘‘သွေးထွက်တာက တော် သေးတယ်။ သားကအမြဲဗိုက်နာ နေရတယ်။ ပြီးတော့ လမ်းလည်း လျှောက်လို့မရဘူး’’လို့ ပြန်ပြော တတ်သည်။

‘‘သားရယ် ရောဂါဆို ဘယ်ရောဂါမှ မကောင်းဘူး။ လူများကို ကြည့်မနေနဲ့။ ကိုယ့်ဟာကိုယ် အေးဆေးနေ။ စားစရာရှိတာ စား၊ စာဖတ်၊  ပြီးတော့ အရုပ်တွေ နဲ့ ကစားပေါ့’’လို့ သူ့ကိုပြောမိ သည်။

သူ့ရဲ့ ညည်းသံကို တစ်ရက်မှာ သုံးကြိမ်ထက်မနည်း ကြားတတ်သည်။ နာတိုင်းအသံတိုးတိုး နဲ့ ညည်းတတ်ရုံမှအပ အသံပြဲပြဲနဲ့ မအော်တတ်ပေ။

ကျွန်မအားတဲ့အျိန် အတော်များများမှာ သူ့ဆီသွားတတ်သည်။ သိုဝှက်ထားတတ်တဲ့ သူ့ရဲ့ အား ငယ်မှု၊ သိမ်ငယ်မှုတွေကို ကျွန်မ နိုင်သလောက် အားပေးမိသည်။

‘‘ဆရာမ ကျောင်းတက်ရရင် ပျော်လား’’ဟု သူကမေးသည်။

‘‘ပျော်တာပေါ့။ သူငယ်ချင်း တွေ အများကြီးပဲဟာ။ သူတို့တွေ နဲ့ ကစားလိုက်၊ စာဖတ်လိုက်နဲ့ ဆိုတော့’’လို့ပြောတော့ သားမှာ လည်း သူငယ်ချင်းအများကြီး ရှိ တယ်တဲ့။

တစ်ဦးတည်းသော သားဆို တော့ အဖော်ကိုဘယ်လောက်မင် မလဲ တွေးကြည့်ရင်တောင် သိ နိုင်သည်။ ရောဂါအခြေအနေ ပို ဆိုးလာတာနဲ့အမျှ မျက်စိအမြင် ကွင်းကြီးနဲ့ ဖြစ်နေတဲ့ သူ့အမေ မျက်နှာပိုညှိုးလာသလို လူလစ် တိုင်းငိုနေတတ်သည်။

နောက်ဆုံးစကားအဖြစ် သူ က ကျွန်မကို ‘‘ဆရာမ မနေ့ညနေ က ဆရာဝန်ကြီးက အမေ့ကိုပြော တယ်။ သား အခြေအနေသိပ် မ ကောင်းတော့ဘူးတဲ့။ ဒါဆိုသား အိမ်ပြန်ပြီး ကျောင်းတက်လို့ မရ တော့ဘူးပေါ့နော်ဆရာမ’’လို့ ပြောပါတယ်။ ထိုနောက်ပိုင်းမှာ သူအတော်စကားနည်းလာသလို လုံးဝမပြောလုနီးနီး အခြေအနေ ကို ရောက်လာပါတယ်။

ကျွန်မသူ့ကို စနောက်တိုင်း တစ်ဖက်ကို လှည့်သွားတတ်သလို မေးခွန်းတွေ မေးရင်လည်း ‘‘ဆရာမနဲ့ စကားမပြောချင်ဘူး’’ လို့ ပြောတတ်သည်။ ထိုနောက်ပိုင်း အစာသိပ်မစားတော့သလို ညည်းသံ တောင် မထွက်တော့ပါဘူး။

‘‘သားရယ် ရောဂါကောင်းမှ အိမ်ပြန်ပြီး ကျောင်းတက်လို့ရမှာ ပေါ့။ နေကောင်းအောင်မနေဘဲ အခုလိုပေတေရင် သားအိမ်ပြန်ဖို့ ရက်ပိုကြာသွားမယ်’’လို့ ကျွန်မ က သူ့ကိုပြောရင်လည်း ‘‘သား ကျောင်းသွားရမှာ မဟုတ်တော့ ဘူး’’ လို့သာ ပြန်ပြောတတ်သည်။

နောက်ပိုင်းအခြေအနေ ပို ဆိုးလာပြီး ကလေးလေးဆုံးပါးခဲ့ သည်။ မိဘတွေကတော့ ရင်ကွဲ လုမတတ် ငိုကြသလို ကျောင်း သိပ်နေချင်တဲ့ ကလေးလေး ကျောင်းမဖွင့်ခင်မှာ ဆုံးပါးသွား တော့ ကျွန်မအတော်စိတ်မ ကောင်း ဖြစ်မိသည်။

ကလေးတစ်ယောက်အ တွက် ကျောင်းဆိုတာ သိပ်အရေး ကြီးတဲ့ နေရာဖြစ်သလို သူတို့ ဘ၀ရဲ့ ပန်းတိုင်တစ်ခုလည်း ဖြစ် တယ်ဆိုတာ ကျွန်မကောင်း ကောင်းသိခဲ့ရပါတယ်။ ကံကောင်းသော အားဖြင့် အတန်းမှန်မှန်တက်ခဲ့ ရတဲ့ ကျွန်မအနေနဲ့ ကျောင်းမတက်ရရင်ဆိုတဲ့ အတွေးမရှိခဲ့ဖူး သလို ကျောင်းဟာ အလွန်တရာ အရေးကြီးမှန်း မသိခဲ့ရပါဘူး။

ကျောင်းတက်ချင်တယ်လို့ တဖွဖွပြောပြီး ဆုံးပါးသွားတဲ့ ကလေးတွေကို တွေ့တိုင်းဆေးရုံ ပေါ်မှာ ကျောင်းမသွားနိုင်ဘဲ ဆေးကုသနေရတဲ့ ကလေးတွေ ဘယ်လိုခံစားနေရမလဲဆိုတာ အ တိုင်းအတာတစ်ခုအထိ သိမြင် လာရသလို လမ်းဘေးမှာ အမှိုက် ကောက်နေရတဲ့ကလေး၊ ပန်း ရောင်းနေရတဲ့ကလေး၊ တောင်း စားနေရတဲ့ ကလေးတွေ ကျောင်း နေချင်စိတ် ဘယ်လောက်ပြင်းပြ မလဲဆိုတာကို ကျွန်မစာနာမိ သည်။

 စစ်ဘေးရှောင်စခန်းက ကလေးတွေ  ဝေးလံခေါင်ဖျားတဲ့ အရပ်၊ ကျောင်းမရှိတဲ့ နေရာက ကလေးတွေ ဘယ်လောက်တောင် ကျောင်းတက်ချင်ကြမလဲ၊ ကျွန်မတွေးမိသည်။

မိုးပွင့်တွေနဲ့အတူ ကျောင်းဖွင့်မယ့်နေရက်တွေမှာ ကလေး တိုင်း ရောဂါဘယကင်းစင်ပြီး အဖြူ၊ အစိမ်းဝတ်စုံကို ၀တ်၊ ထီး

ကလေး ဆောင်းကာ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်နိုင်ပါစေလို့ စိတ်ထဲမှာ ကျိတ်ဆုတောင်းပေးမိသည်။ ထိုကလေးလေးလည်း နောက်ဘ၀တိုင်းမှာ ပျော်ပျော်ရွှင် ရွှင် ကျောင်းတက်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်း ပေးမိသည်။

No comments:

Post a Comment