Wednesday, May 29, 2019

ကိုယ်ပိုင် Operating System ကို လာမည့်ဇွန်လတွင် စတင်မိတ်ဆက်ရန် ဟွားဝေ စီစဉ်နေပြီဖြစ်

တရုတ်နည်းပညာကုမ္ပဏီ ဟွားဝေသည် ၎င်းတို့ထုတ်လုပ်ရောင်းချနေသည့် ကုန်ပစ္စည်းများအားလုံးအတွက် Operating System (OS) တစ်ခုကို လာမည့်ဇွန်လတွင် မိတ်ဆက်ပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းများသည် လက်ရှိတွင် Android Operating System ဖြင့် အလုပ်လုပ်နေကြခြင်းဖြစ်ပြီး အမေရိကန်အစိုးရနှင့် အမေရိကန်နည်းပညာကုမ္ပဏီ ဂူဂဲလ်တို့က အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်လိုက်သည့်အတွက် များမကြာမီကာလအတွင်း၌ပင် ဟွားဝေနည်းပညာပစ္စည်းများ အသုံးပြုနေသူများမှာ Android Operating System သုံးစွဲခွင့်ကို ဆုံးရှုံးကြရတော့မည်ဖြစ်သည်။



ဟွားဝေသည် လွန်ခဲ့သည့်သီတင်းပတ်အတွင်းက ၎င်းတို့ကိုယ်ပိုင် ဟောင်မင်းအမည်ရ Operating System (OS) တစ်ခုကိုကို ဖန်တီးထားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး လက်ရှိအခြေအနေများအရ ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းများကို အသုံးပြုနေသူများမှာ ဟောင်မင်း Operating System ကို ဇွန်လအတွင်း၌ပင် စတင်သုံးစွဲနိုင်မည့်အခွင့်အရေးများ ရရှိလာကြာတော့မည်ဖြစ်သည်။

ဟွာဝေးသည် လက်ရှိတွင် ၎င်းတို့၏ Operating System ကို ဥရောပဈေးကွက်အပါအ၀င် အခြားသောဈေးကွက်များအတွက် တရားဝင်မူပိုင်ခွင့် မှတ်ပုံတင်နေပြီဖြစ်ပြီး ယင်းလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်သည်နှင့် ဟွားဝေ၏ Operating System မှာ အသက်ဝင်လာတော့မည်ဖြစ်သည်။

ဟွားဝေ၏အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဒုဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးဒါရိုက်တာဖြစ်သူ အေလားအယ်လ်ရှီးမေက “အမေရိကန်အစိုးရဘက်က ဒီလိုတွေ လုပ်လာနိုင်ခြေရှိနေတယ်ဆိုတာကို ကြိုမြင်ထားတဲ့အတွက် ကျွန်တော်တို့က Operating System တစ်ခု ဖန်တီးထားပြီးသားပါ။ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ဇန်နဝါရီလကတည်းက ကျွန်တော်တို့မှာ ကိုယ်ပိုင် Operating System ပိုင်ဆိုင်နေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲကို ဖြန့်ချိခြင်းမရှိခဲ့တာက ကျွန်တော်တို့နဲ့ ဂူဂဲလ်အကြားမှာ အရမ်းကို ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးတစ်ခု ရှိထားခဲ့လို့ပါ။ လက်ရှိအချိန်မှာ သူတို့ဘက်ကစပြီး ဒီဆက်ဆံရေးကို ဖျက်ဆီးလိုက်ပါပြီ။ ဒါဟာ ကျွန်တော်တို့ကို ကိုယ်ပိုင် Operating System နဲ့ ရှေ့ခရီးဆက်ဖို့ တွန်းအားပေးလိုက်တာပါပဲ။ ဟွားဝေပရိသတ်တွေကို အသိပေးချင်တာကတော့ အစောဆုံးအဖြစ် လာမယ့်ဇွန်လမှာ ကျွန်တော်တို့ရဲ့ကိုယ်ပိုင် Operating System ကို လုပ်ငန်းလည်ပတ်ဖို့ အသင့်ရှိနေပြီဆိုတာပါပဲ”ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment