Wednesday, May 29, 2019

လှိုင်သာယာ၌ အောက်ဆိုက်ကားစီးသူ နှစ်ဦး ရွှေထည်ပစ္စည်းများ လုယက်ခံရ

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်၌ အဝေးပြေးကားဝင်းသို့ သွားရန် အောက်ဆိုက်ကားစီးလာသူ လင်မယားနှစ်ဦးအား ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးက ဓားဖြင့်ထိုးကာ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခဲ့သည်ဆိုမှု မေ ၂၈ ရက် (ယနေ့) ဖြစ်ပွားခဲ့သည်။ ယနေ့ နံနက် ၄ နာရီ မိနစ် ၄၀ အချိန်ခန့်တွင်လှိုင်သာယာမြို့နယ်နေ တိုင်တန်းသူအမျိုးသမီးသည် မြန်အောင်မြို့သို့ ပြန်ရန်အတွက် ခင်ပွန်းဖြစ်သူဦးမြင့်စိုး(၅၄)နှစ် နှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)လမ်းဆုံတွင် ကားစီးရန် စောင့်ဆိုင်းခဲ့သည်။



အဆိုပါလမ်းဆုံတွင် အောက်ဆိုက်ကားဖြစ်သည့် လိုက်ထရပ်ယာဉ်ဖြင့် လှိုင်သာယာအဝေးပြေးကားဝင်းသို့ လိုက်ပါခဲ့ပြီး ယာဉ်ပေါ်တွင်လည်း အခြားအမျိုးသား (၃)ဦးတို့လိုက်ပါလာသည်ကိုတွေ့ရသည်ဟု ဆိုသည်။

ထို့နောက် ရွှေပြည်သာတံတားအဆင်း၊ အလယ်ရွာထိပ်အရောက်တွင် ယင်းအောက်ဆိုက်ကားမှာ ယာဘက်ရှိ လမ်းထဲသို့ ချိုးကွေ့သွားသောကြောင့် ခင်ပွန်းဖြစ်သူက လမ်းမှားနေကြောင်းပြောဆိုရာ ၎င်း တို့က ကားကို ရပ်ပေးခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ခဲ့သည်။

တိုင်တန်းသူနှင့် ခင်ပွန်းတို့က ဆင်းမည်ပြုစဉ် ကားနောက်ခန်းတွင် ထိုင်စီးသည့် လူ(၃)ဦးက ခင်ပွန်း ဖြစ်သူကို ဓါးဖြင့်ထိုးကာ ဖိနပ်ဖြင့်ရိုက်နှက်ခဲ့သည်။

ထို့နောက် တိုင်တန်းသူ ဝတ်ထားသည့်ရွှေထည်ပစ္စည်းများ နှင့် အခြားပစ္စည်းများကို ချွတ်ပေးရန် ခြိမ်းခြောက်သဖြင့် ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ အဝတ်အိတ်အတွင်းမှ ရွှေထည်ပစ္စည်းများ လက်ကိုင်ဖုန်း (စုစုပေါင်းကျပ် ၄၁၆၆၀၀၀ဖိုးခန့်)ကို ချွတ်ပေးခဲ့ရသည်။

ထိုသို့ပေးအပ်ခဲ့ပြီးနောက် ရွှေလင်ဗန်း စက်မှုဇုန် ကစင်ကျေးရွာ ဒေါ်ဖွားရှင်လမ်း သွပ်ပြားစက်ရုံအနီး၌ တိုင်တန်းသူတို့အား ချထားခဲ့ပြီး ယာဉ်ကို မောင်းနှင်ထွက်ပြေးခဲ့သည်။

ခင်ပွန်းတွင် ဝဲ/ယာနံကြားတွင်ထိုးသွင်းဒဏ်ရာတစ်ချက်၊ မျက်နှာတွင် ဖူးရောင်နာကျင် ဒဏ်ရာ ဝဲ/ယာ လက်ဖီတွင်ပြတ်ရှဒဏ်ရာရရှိခဲ့ကာ လှိုင်သာယာဆေးရုံ၌ တင်ပို့ ကုသခဲ့ရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက (ပ)၃၂၂၈/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၁၁၄ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိသည်။

No comments:

Post a Comment