Friday, June 21, 2019

မင်းပြားမြို့နယ်အတွင်းက AA ယာယီခံစစ်စခန်းတစ်ခုကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ပန်းမြောင်းကြီးချာင်းအတွင်းရှိ AA အဖွဲ့၏ ယာယီတပ်စခန်းတစ်ခုအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဘက်မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗို်လ်မှူးကြီး ဝင်းဇော်ဦးကပြောသည်။ အဆိုပါ တပ်စခန်းမှာ AA လက်နက်ကိုင်အဖွဲ့မှ နေရာယူထားသည့် ယာယီခံစစ်စခန်းတစ်ခုဖြစ်ပြီး နံနက် ၁၀ ဝန်းကျင်ခန့်တွင် တပ်မတော်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။



“တိုက်ပွဲကတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ကျွန်တော်တို့က AA အဖွဲ့ရဲ့ ယာယီခံစစ်စခန်းတစ်ခုကို ဝင်သိမ်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အကျအဆုံးတွေမရှိဘူး။ တစ်ဖက်ကကျမကျတော့ ကျွန်တော်တို့မသိရသေးဘူး ခင်ဗျား။”ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောသည်။

ယင်းတိုက်ပွဲမှာ ရွှေကျင်ကျေးရွာ အရှေ့ဘက်တောင်တန်းများအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုများအားကျေးရွာမှ ကြားရကြောင်းနှင့် ရဟတ်ယာဉ်များဖြင့်လည်း ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ကျေးရွာသားများကပြောသည်။

“တိုက်ပွဲက ရွာအရှေ့ဘက် တောင်တန်းမှာဖြစ်ခဲ့တာပါ။ တောင်တွေပေါ်မှာတော့ လက်နက်ကြီးကျည်တွေ ကျတယ်။ ရွာနားတွေမှာတော့မကျဘူး။ မိနစ် ၂၀ လောက်အကြာ ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်။”ဟု ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းကပြောသည်။

ယင်းတိုက်ပွဲအတွင်း တပ်မတော်ဘက်မှ လေကြောင်းကင်းထောက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းပစ်ကူများပြုလုပ်ခဲ့ခြင်းရှိမရှိကို မသိရသေးကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တုန့်ပြန်ပြောဆိုသည်။

No comments:

Post a Comment