Friday, June 21, 2019

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်

တောင်ကိုရီးယားနိုင်ငံ ဂရောင်ဂီဒို ၊ဖါဂျူးမြို့ မွန်းဆန်းရွာ စွန်းယူရီ ၁၃၇၈-၅ ၊ ဒုံယူရို (၄၀) ကေတီ အင်တာနေရှင်နယ် ကုမ္မဏီ (경기도 파주시 문산읍 선유리 1378-5(돈유로40) 케이티인터내쇼날 ) တွင် E-9 ဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူ အသက် (၂၅) နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးသည် ယနေ့ မနက်အစောပိုင်း ဒေသစံတော်ချိန် မနက်(၇)နာရီ အချိန်က ကြိုးဆွဲချ အဆုံးစီရင်သည့် အနေအထားဖြင့် သေဆုံးနေသည်ကို ညပိုင်း အလုပ်ဆင်းပြီး အိမ်ဆောင်သို့ ပြန်လာသည့် အတူအလုပ်လုပ်ကိုင်နေသည့် အခန်းဖော်က စတင်တွေ့ရှိခဲ့ပါသည်။



မိမိကိုယ်မိမိ ကြိုးဆွဲချ အဆုံးစီရင်သူမှာ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ကဝမြို့၊ မကျက်ကြီးကျေးရွာနေ အဖ ဦးသိန်းဆွေ(ခ)ဦးဖိုးတိုး၊ အမိ ဒေါ်သိန်းသိန်း တို့၏ အငယ်ဆုံးသားဖြစ်ပြီး အမည်မှာ #ကိုထွန်းထွန်းလင်း အသက် (၂၅)နှစ်ဟု သိရပါသည်။

လက်ရှိအခြေအနေတွင် နယ်မြေခံ ကိုရီးယား ပြည်သူ့ ရဲတပ်ဖွဲ့မှ သေမှုသေခင်းကို စစ်ဆေးပြီး အလောင်းကို နီးစပ်ရာ ဆေးရုံ အအေးတိုက်သို့ ပို့ဆောင်ကာ စစ်ဆေးလျှက်ရှိပြီး ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဖြစ်သူ #ဦးဇေယျာတင်ဝင်းထင် အနေဖြင့်လည်း အခင်းဖြစ်ပွားရာ စက်ရုံနေရာ၊ရဲဌာနနှင့်ဆေးရုံများသို့ ဆက်သွယ်ကာ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ လိုအပ်သည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ သေဆုံးသူ၏ မိဘ ဆွေမျိုးများနှင့် ဆက်သွယ်ထားပြီး ကျန်ရစ်သူ မိဘများ၏ ဆန္ဒ သဘောအတိုင်း ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောပါသည်။

ကွယ်လွန်သူသည် မည်ကဲ့သို့သော အကြောင်းကိစ္စများကြောင့် ဤသို့ အဆုံးစီရင်ရသည်ကို မသိရှိရသောလည်း ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်သည်မှာ တစ်နှစ်ခွဲမျှသာရှိပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်မြမြ (ခ) ဒေါ် ဧကရီမြင့်နှင့်အတူ လူမမယ်အရွယ် အမွှာ သမီးကလေး နှစ်ဦး ကျန်ရစ်ခဲ့ပါသည်။

ကိုရီးယားနိုင်ငံအတွင်း ယခုကဲ့သို့ မြန်မာရွှေ့ပြောင်း လုပ်သားများထဲမှ မိမိကိုယ်မိမိ ကြိုးဆွဲချ အဆုံးစီရင်မှုသည် ယခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က လည်း (၁)ဦးရှိခဲ့ပြီး (၄)လ နီးပါးအကြာတွင် ထပ်မံ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းတွင် ကြိုးဆွဲချ သေဆုံးမှုမှာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါသည်။

No comments:

Post a Comment