Friday, June 21, 2019

သတင်းထောက် ခါရွှန်းဂျီ အသတ်ခံရမှု ဆော်ဒီအိမ်ရှေ့စံတွင် တာဝန်ရှိဟု ကုလအထူးသံ ပြော

ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဒ် ဘင် ဆယ်လ်မန်နဲ့ တခြား အကြီးတန်း ဆော်ဒီ အရာရှိတွေဟာ သတင်းထောက် ဂျမဲလ် ခါရွှန်းဂျီ အသတ်ခံရမှုအတွက် တာဝန်ရှိတယ်လို့ သက်သေတွေကပြနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူက ဇွန်လ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေအတွက် ကုလ အထူးသံတမန် အန်းနက်စ် ကောလာမာ့ဒ်က ခုလို ပြောလိုက်တာပါ။



ဆော်ဒီအိမ်ရှေ့စံနဲ့ သူ့ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုတွေအပေါ် ဒဏ်ခတ်တာ တိုးချဲ့ဖို့လည်း နိုင်ငံတွေကို ဆော်သြလိုက်သလို စာမျက်နှာ ၁၀၀ ရှိတဲ့ အစီရင်ခံစာကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

ဆော်ဒီအစိုးရကတော့ ဘာမှ မတုံ့ပြန်သေးပေမယ့် အိမ်ရှေ့စံ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်တွေကို အရင်ကလည်း ပုံမှန် ငြင်းခဲ့ဖူးပါတယ်။

ဆော်ဒီအိမ်ရှေ့စံကို ဝေဖန်သူ ဝါရှင်တန်ပို့စ် သတင်းဌာန ပင်တိုင်ဆောင်းပါးရှင် ခါရွှန်းဂျီဟာ သူ့မင်္ဂလာဆောင် မတိုင်ခင် စာရွက်စာတမ်းတွေရဖို့ မနှစ် အောက်တိုဘာ ၂ ရက်မှာ တူရကီမြို့တော် အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်သွားတာကို နောက်ဆုံး တွေ့ခဲ့တာပါ။

သူ့အလောင်းကို တစစီဖြုတ်ပြီး အဆောက်အဦထဲကနေ ဖယ်ထုတ်ခဲ့တယ်လို့ ဆော်ဒီအစိုးရ ရှေ့နေက ပြောခဲ့ပြီး သူ့ရုပ်ကြွင်းတွေကို ဘယ်တုန်းကမှ ပြန်မတွေ့ရတော့ပါဘူး။

ကုလသံတမန်ဟာ မှုခင်းဆေးပညာရှင်တွေနဲ့ တရားရေးပညာရှင်တွေပါတဲ့ အဖွဲ့နဲ့အတူ ဒီနှစ်ထဲမှာ တူရကီကိုသွားခဲ့ပြီး တူရကီအာဏာပိုင်တွေဆီကနေ သက်သေတွေ ရခဲ့တယ်လို့ ပြောပါတယ်။

ခါရွှန်းဂျီရဲ့အမှုကို ဆော်ဒီအစိုးရက တရားစီရင်မယ့်အစား လွတ်လွတ်လပ်လပ် တရားစီရင်ဖို့ ကုလသံတမန်က ကုလအတွင်းရေးမှူးချုပ်ကို ထောက်ခံ အစီရင်ခံထားပါတယ်။

No comments:

Post a Comment