Friday, June 21, 2019

အာဆီယံ ထိပ်သီးခေါင်းဆောင်များကို ထိုင်းက ငွေအစစ်ပန်းကုံးများ လက်ဆောင်ပေးမည်

လက်ရှိကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ အာဆီယံနိုင်ငံ အသီးသီးက ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဇနီးတွေကို ပေးအပ်မယ့် လက်ဆောင်တွေထဲမှာ ငွေနဲ့ အထူးပြုလုပ်ထားတဲ့ ပန်းကုံးတမျိုးလည်း ပါဝင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီထိပ်သီးအစည်းအဝေးကိုတော့ ၂၀၁၉ ခုနှစ်ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇွန် ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အာဆီယံဒေသတွင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။


အိမ်ရှင် ထိုင်းနိုင်ငံက လက်ဆောင်အဖြစ် ပေးအပ်မယ့် ဒီငွေပန်းကုံးကိုတော့ ထိုင်းနိုင်ငံ အနုပညာနဲ့ လက်မှုပစ္စည်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာစင်တာ (အက်စ်အေစီအိုင်စီတီ) မှ အသိအမှတ်ပြုခံထားရတဲ့ ဒီဇိုင်နာအမျိုးသမီး နာရူမွန်သွန်ချိုင်က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး သူဟာ ၂၀၁၄ ခုနှစ်ရဲ့ သတ္တုဆိုင်ရာကဏ္ဍရဲ့ အထူးချွန်ဆုံး ဆရာအဖြစ်လည်း ရွေးချယ်ခံထားခဲ့ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို လက်မှုအနုပညာလက်ရာနဲ့ ပန်းကုံးတွေကို ထိုင်းနိုင်ငံမှာတော့ ဘုန်းတော်ကြီးတွေကို ဆက်ကပ်လှူဒါန်းတာ၊ နိုင်ငံတော်အဆင့် အထူးဧည့်သည်တော်တွေကိုသာ အထူးပြင်ဆင် ပေးအပ်လေ့ရှိတာ ဖြစ်တယ်လို့ အက်စ်အေစီအိုင်စီတီမှ ဒါရိုက်တာ အမ်ဖဝမ်ဖီချလိုင်က ပြောပါတယ်။

ငွေပန်းပွင့်တွေကို ပန်းကုံးမှာ စီခြယ် ဒီဇိုင်းထုတ်ထားတာက အာဆီယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ရည်ညွှန်းတာဖြစ်ပြီး ပန်းပွင့်တွေအားလုံးဟာ ငွေသားအစစ်တွေဖြစ်ကာ မိုလောင်း ပုံဖော်ထားခဲ့တာပါ။

ဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပြီး အာဆီယံဒေသတွင်း ခေါင်းဆောင်တွေထဲက မလေးရှားဝန်ကြီးချုပ် မဟာသီယာ၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့လည်း တက်ရောက်နေကြပါတယ်။

No comments:

Post a Comment