Friday, June 21, 2019

ထိုင်းစက်မှုကျောင်းသား ၂ ဦး သေဆုံးခဲ့သည့်ကိစ္စ သတင်းဘက်မလိုက်ရန် တောင်းဆို

Image may contain: 20 people, people smiling, crowd and outdoorထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းရွှေ့ပြောင်းအလုပ်သမားလူငယ်နဲ့ ထိုင်းစက်မှုကျောင်းသားလူငယ်တွေကြား ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်နဲ့ လိုက်ကြစဉ် ထိုင်းကျောင်း သား ၂ ဦး ဆိုင်ကယ်မှောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက်မှာ ရှမ်းရွှေ့ပြောင်းအလုပ်သမား၊ ရှမ်းတိုင်းရင်း သားတွေပေါ် သိမ်းကျုံးဝေဖန်တာတွေရှိနေပြီး ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေဘက်ကလည်း ပြန်လည်ချေပပြောဆိုတာတွေ ပျံ့နှံ့နေပါတယ်။


အခုလို အပြန်အလှန် ပြစ်တင်ပြောဆိုနေတာတွေဟာ ထိုင်းတနိုင်ငံတည်း နေထိုင်တဲ့ တဦးနဲ့တဦး အမုန်းပွားစရာတွေ ဖြစ်လာနိုင်တာကြောင့် ထိုင်းနိုင်ငံ ဌာနေတိုင်းရင်းသားများ ကွန်ရက်အဖွဲ့၊ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်းပြီး ဒီကနေ့မနက်က ချင်းမိုင်မြို့ ထိုင်း နိုင်ငံတောင်ပိုင်း တိုင်းရင်းသားများစာပေနဲ့ ယဉ်ကျေးမှုအသင်းတိုက်မှာ သတင်းစာရှင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ထိုင်းသတင်းဌာနအချို့ဟာ ဖြစ်ကြောင်းကုန်စင် အကုန်မသိရခင် ဘက်လိုက်ဖော်ပြတာ၊ လူမျိုးကို အမည်တပ်ပြီး စွပ်စွဲဖော်ပြတာတွေဟာ အမုန်းပွားမှုဖြစ်စေတာကြောင့် သတင်းဌာနတွေအနေနဲ့ သတင်းကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ဖို့၊ လူမျိုးရေး အမုန်းပွားစေတဲ့ အသုံးအနှုန်းတွေ ရှောင်ရှားဖို့ တောင်းဆိုကြောင်း အဆိုပါအဖွဲ့အစည်း ၂ ခု ကိုယ်စား ချင်းမိုင်ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း အတိုင်ပင်ခံ စိုင်းဆိုင်မိုင်း မန်းကွဏ်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

“ထိုင်းသတင်း မီဒီယာတချို့ဟာ ဖြစ်ရပ်မှန်မသေချာသေးဘဲနဲ့ လူမျိုးအမည်တပ်ပြီး စွပ်စွဲဖော်ပြခဲ့ပါတယ်။ အဲဒီလိုမဖော်ပြဖို့ ကျနော်တို့ အဖွဲ့အစည်းတွေအနေနဲ့ ဒီမတိုင်ခင်က သူတို့ကို ထောက်ပြ တောင်းပန်ခဲ့သေးတယ်။ ဒါပေမယ့် သတင်းကိုပြန်မပြင်တဲ့ အပြင်ဆက်ပြီး ဖော်ပြနေတယ်။ အဲဒီသတင်းမျိုးတွေကြောင့် ထိုင်းတွေဟာ ရွှေ့ပြောင်းရှမ်း လူမျိုးတွေပေါ် မကျေနပ်တဲ့ပုံစံ၊ မုန်းတီးတဲ့ ပုံစံတွေ ပြလာပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အဲဒီလိုသတင်း ထုတ်ပြန်တဲ့ ပုံစံမျိုးတွေကို ရှုတ်ချပြီး လူမျိုးအနေနဲ့ သိမ်းကျုံးပြီးမဖော်ပြဖို့၊ လူမျိုးရေး မခွဲခြားဖို့၊ လူမျိုးစွဲမရှိဘဲ သတိထားရေးသားထုတ်လွှင့်ဖို့ တောင်းဆိုပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့လည်း အပြစ်ရှိတဲ့ သူကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေအတိုင်း မျှတစွာအရေးယူသွားဖို့ တောင်းဆိုပါတယ်။”

ဒီဖြစ်ရပ်မှာ သေဆုံးသွားခဲ့ရတဲ့ စက်မှုကျောင်းသား ၂ ဦးအတွက်လည်း ကျန်ရစ်သူ မိဘတွေမျိုးတွေနဲ့ ထပ်တူ ၀မ်းနည်းရပါကြောင်း၊ နောက်နောင် အလားတူ ဖြစ်ရပ်မျိုးတွေ ဆက်လက်မဖြစ်ပေါ်ဖို့၊ ဒီဖြစ်ရပ်ပေါ် သင်ခန်းစာယူပြီး လူငယ်တွေအနေနဲ့ ပြဿနာကို ဒေါသနဲ့ မဖြေရှင်းဖို့၊ သတင်းမီဒီယာတွေအနေနဲ့ သတင်းဖော်ပြရာမှာ သတင်းဦးထုတ်ပြန်ဖို့၊ မိမိသတင်း လူကြည့်များဖို့ တခုတည်းမဟုတ်ဘဲ နောက်ဆက်တွဲဖြစ်လာတတ်တဲ့ ပြဿနာတွေပါ ထည့်သွင်း စဉ်းစားရေးသားစေလိုကြောင်း စိုင်းဆိုင်မိုင်းက ပြောသွားပါတယ်။

သတင်းစာရှင်းပွဲပြီးတဲ့နောက် အဖွဲ့အစည်းနှစ်ဖွဲ့ဟာ ချင်းမိုင်မြို့ ချန့်ဖိုတ်ရပ်ကွက်ရှိ ထိုင်းမြောက်ပိုင်း သတင်းစာဆရာများအသင်းကိုသွားရောက်ပြီး ထုတ်ပြန်ကြေညာချက်ကို ပေးပို့ ခဲ့ကြပါတယ်။

အခင်းစဖြစ်တဲ့ ဇွန် ၁၈ ရက်နေ့ မနက်မိုးမလင်းခင်က အသက် ၁၆ နှစ်ရွယ် ထိုင်းစက်မှုကျောင်းသား ၂ ဦးဟာ ရှမ်းလူငယ်တွေ အနောက်ကဓားနဲ့လိုက်ခုတ်လို့ တာ့ဖဲ ဂိတ်အနီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ပြီး ရှမ်းလူငယ်တွေအပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။

အဲဒီနောက် ရဲတပ်ဖွဲ့က ထိုင်းစက်မှုလူငယ် ၂ ဦးဟာ ဓားခုတ်ခံရတာမဟုတ်ဘဲ ဆိုင်ကယ် မှောက်တဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း စီစီကင်မရာမှတ်တမ်း၊ ဆေးရုံးက စစ်ဆေး ချက်တွေနဲ့အတူ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် လူငယ်နှစ်ဦး ဆိုင်ကယ်မှောက်ပြီး သေဆုံးရတာဟာ ခိုက်ရန်ဖြစ်ပွားရာက စတဲ့ အတွက် သူတို့နောက်ကနေ ဆိုင်ကယ်စီးလိုက်လာတဲ့ တရားခံတွေကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်း ဖမ်းဆီးခဲ့ပါတယ်။

လူငယ်တွေစီးလာတဲ့ ဆိုင်ကယ်ကနေတဆင့် စုံစမ်းရာမှာ ဇွန် ၁၉ ရက် ညနေပိုင်းမှာတော့ အသက် ၁၇ နှစ်ရွယ် လူငယ် ၂ ဦး နဲ့ အသက် ၁၅ နှစ်ရွယ် လူငယ် ၁ ဦးတို့ကို ဟန်ဒုံးမြို့နယ်ရှိ အလုပ်သမားတန်းလျားမှာ ဖမ်းမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူ လူငယ် ၃ ဦးက သူတို့ဟာ စီစီကင်မရာထဲက ဆိုင်ကယ်စီးသူတွေဖြစ်ကြောင်း၊ ထိုင်းလူငယ်တွေက သူတို့ကို အရင် ရန်စလာတာဖြစ်ကြောင်း၊ လက်ထဲကိုင်လာတာကတော့ ဓားမဟုတ်ဘဲ သံချောင်းသာဖြစ်ပြီး ရိုက်နှက်ခြင်း မပြုရသေးကြောင်း၊ သူတို့ဆိုင်ကယ်မှောက်သွားတာတွေ့တော့ အဲဒီသံချောင်းကို ကျုံးထဲလွှင့်ပစ်လိုက်တယ်လို့ ၀န်ခံပြောကြားသွားပါတယ်။

သူတို့ထဲက နောက်ထပ် လူငယ် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ ၄ ဦးလုံး မြန်မာပြည်ကလာတဲ့ ရှမ်းအလုပ်သမားတွေဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှု၊ တပါးသူ အသက်ဆုံးရှုံးစေမှု၊ နိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါလူငယ်တွေကို သွားရောက်စစ်ဆေးဖမ်းဆီးစဉ် အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးလည်း အဖမ်းခံလိုက်ရပါတယ်။

အဆိုပါလူငယ်တွေဟာ အသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ချင်းမိုင်ခရိုင် လူငယ်တရား ရုံးအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး သူတို့ကို လာရောက်တွေ့ဆုံတဲ့ ဧည့်သည်မ ရှိသလို အာမခံပေးမယ့်သူလည်း တယောက်မှမရှိဘူးလို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

No comments:

Post a Comment