Friday, June 21, 2019

ပုလဲမြို့နယ် တောင်ပေါ်ကျေးရွာအချို့တွင် သောက်သုံးရေအခက်အခဲ ကြုံတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အနောက်ဘက် ပုံတောင်ဒေသရှိ တောင်ပေါ် ကျေးရွာတချို့မှာ သောက်သုံးရေးအခက်အခဲ ကြုံတွေ့နေရပါတယ်။ေ ရအခက်အခဲကို နှစ်စဉ်ကြုံတွေ့နေတာဖြစ်ပြီး အနည်းဆုံး ၅ ရွာကနေ အများဆုံး ၁၂ ရွာလောက်ထိ ရှိတယ်လို့ သိရပါတယ်။ေ ရပြတ်လပ်တဲ့ ကျေးရွာတွေကို ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်ကာ အလှူရှင်တွေရဲ့ ထည့်ဝင်လှုဒါန်းငွေတွေနဲ့ သောက်သုံးရေ လှုဒါန်းတာတွေကိုလည်း ပြုလုပ်နေပါတယ်။



မိုးရွာပေမယ့် ရေခက်ခဲနေသေးတဲ့ တောင်ပေါ်ကျေးရွာတွေကို လန်ဒန်ရောက်မြန်မာအချို့ လှူဒါန်းတဲ့ ငွေတွေနဲ့ မုံရွာမြို့က အလှူရှင်တွေစုပေါင်းကာ ဇွန် ၁၉ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်ပြီး ရေပြတ်နေတဲ့ ရေချမ်းသာ၊ သဲထူး စတဲ့ကျေးရွာတွေကို သွားရောက် လှူဒါန်းခဲ့ကြပါတယ်။

“ရေချမ်းသာကတော့ ရေတွင်းတူးဖို့ အလှူရှင်ရှိပြီ။ ဒါပေမယ့် အဲဒီရေတွင်းတူးဖို့ လိုတဲ့ ရေမရှိလို့ မတူးရသေးဘူး။ သဲထူးကတော့ တိုင်းစည်ပင်ဘက်ဂျက်ကနေ သိန်း ၂၀ နဲ့တူးလို့ ရေရသွားတာ ၁ ပတ်လောက်ရှိပြီ။ သောက်လို့သုံးလို့ ရတယ်ပြောတယ်။ ရေထွက်ကတော့ နည်းတယ်။ ၁ နာရီမှ ဂါလန် ၅၀ ဝန်းကျင်ပဲထွက်တယ်။ ပေ ၃၅၀ လောက်တူးထားတာ။ နောက်ထပ် ပေ ၁၂၀၀ လောက်ထိ ရေတွင်းတူးမရတဲ့ ရွာတွေ ကျန်သေးတယ်။ ရေသာတို့ဆို စိမ့်စမ်းရေသွယ်လုပ်ရမယ်။ ၁ မိုင်ခွဲလောက်ဝေးတယ်။ ဒါတွေလည်း အလှူရှင်တွေ လိုအပ်နေ သေးတယ်။ အခုက မိုးလေးရွာတော့ အရင်ကလောက်တော့ မဆိုးတော့ပါဘူး” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောပါတယ်။

ပုလဲမြို့နယ် တောင်ပေါ်ဒေသကျေးရွာတွေက သောက်သုံးရေသာမက လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာလည်း အခက်အခဲတွေဖြစ်နေပါတယ်။

ဆရာဆရာမ မလုံလောက်တာ၊ လမ်းမကောင်းတာတွေကြောင့် ၄ တန်းအောင်ပြီး ကျောင်းဆက်မတက်နိုင်တော့တဲ့ ကလေးတွေရှိတဲ့အတွက် ကျောင်းတွေကိုလည်း အဆင့်တိုးပေးစေချင်သလို စာသင်ရတာလည်း အကာအရံမရှိတာကြောင့် မလုံခြုံဘူးလို့ တာဝန်ကျ ဆရာမတွေက ပြောပါတယ်။

ဒါ့အပြင် ရေအနေနဲ့လည်း ရေတွင်းက ၁ ရက်လုံးနေမှ ဂါလန် ၅၀ လောက်သာရလို့ ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေကလည်း စာအုပ်တွေ၊ အချိုရည်တွေ၊ ခဲတံတွေကို ကလေးတွေအတွက် လှူဒါန်းခဲ့သလို ကျောင်းကာရံဖို့အတွက်လည်း ငွေအချို့လည်း လှူဒါန်းခဲ့ကြပါသေးတယ်။

“ကမကထ လုပ်ဖြစ်တာကတော့ အင်္ဂလန်ရောက်နေတဲ့ သူငယ်ချင်းတွေက ရေအလှူရှင် လိုနေတယ်ဆိုတဲ့သတင်း တွေ့ပြီး လှုချင်တယ်လို့ ဆက်သွယ်လာတာ။ ဒါနဲ့ သွားလှူတာပေါ့။ စကားစပ်မိရင်း ကျန်တဲ့မိတ်ဆွေတွေကလည်း လိုက်မယ်ဆိုပြီး သွားတာ။ ဂါလန် ၃၂၀၀ ဆံ့ ဘောက်ဆာတစီးပါတယ်။ စိတ်မကောင်းစရာက မိုးရွာတော့ လမ်းကချောပြီးရေကားက ရွာထိ ရောက်အောင် မသွားနိုင်လိုက်ဘူး။ အစက အဲလောက်ခက်ခဲမယ်မထင်ဘူး။ ကိုယ်တွေ့ကြုံမှ ယုံတယ်” လို့ သွားရောက်လှူဒါန်းခဲ့သူ ကိုမင်းထက်အောင်က ပြောပါတယ်။

အခုနှစ်အတွင်း ပုလဲမြို့နယ်မှာ ကျေးရွာပေါင်း ၁၂ ရွာလောက် ရေအခက်အခဲ ကြုံခဲ့ကြရပါတယ်။ အရမ်းခက်ခဲတဲ့ ကျေးရွာတွေကိုတော့ ၁ ရွာကို သိန်း ၂၀ နှုန်းနဲ့ ရေရှိရေးအတွက် တိုင်းအစိုးရပိုလျှံရန်ပုံငွေကနေ ချထားလုပ်ဆောင်ပေးနေတာပါ။

No comments:

Post a Comment