Friday, June 21, 2019

YRTA ကျောင်းကားများအတွက် School Bus အက်ပလီကေးရှင်း တနှစ်ကျော်ကြာသည်အထိ အလုပ်မလုပ်သေး

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ကျောင်းကားများ အတွက် ရေးဆွဲထားသည့် School Bus အက်ပလီကေးရှင်းသည် တနှစ်ကျော်ကြာသည်အထိ အလုပ်မလုပ် သေးကြောင်း သိရှိရသည်။ ''အက်ပလီကေးရှင်းကိုအသုံးပြုပြီး ကိုယ့်ကလေးတွေစီးတဲ့ကျောင်းကား ဘယ်နေရာရောက်နေလဲ၊ ကျောင်းကို ရောက်ပြီလား၊ ကိုယ့်ကလေးကို tracking လိုက်လို့ရအောင်ပေါ့။ ဒါပေမဲ့ အခုတနှစ်ကျော်ကြာပြီး၊ အက်ပလီ ကေရှင်းက အသုံးပြုလို့မရသေးဘူး။ ခုထိတော့ သုံးလို့မရသေးဘူး''ဟု ရန်ကင်း TTC မှ ကျောင်းသား မိဘတဦးက ပြောသည်။



School Bus အက်ပလီကေးရှင်းကို YRTA ၏ပန်ကြားမှုအရ Asia Starmar Transport Intelligent Co.,Ltd က နည်းပညာပိုင်းနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး စမ်းသပ်ပြေးဆွဲမှုကာလအဖြစ် ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်မှ ၃၁ ရက်အထိ ရန်ကင်း TTC နှင့် ကမာရွတ် TTC ကျောင်းများသို့ စတင်စမ်းသပ်ပြေးဆွဲခဲ့ ကြောင်း သိရသည်။

School Bus အက်ပလီကေးရှင်းကိုအသုံးပြုခြင်းအားဖြင့် ကျောင်းသားများအနေနှင့် ယာဉ်အတက်အဆင်း ကတ် ပြားကိုကျောင်းကားအပေါက်ဝမှာရှိသည့် စက်တွင်ကပ်လိုက်ပါက ယာဉ်ပေါ်တွင်ပါရှိသည့်ကင်မရာမှတဆင့် ကျောင်းသားများ၏ပုံရိပ်ကို Application ကနေ အချိန်နှင့်တပြေးညီ သိရှိနိုင်မည်ဖြစ်ကာ Application ထဲမှ ကျောင်းကားရောက်နေသည့်နေရာကို အချိန်နဲ့တပြေးညီ GPS ကနေတဆင့် သိရှိနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းကားပေါ်များပေါ်တွင်လည်း CCTV များတပ်ထားသည့်အတွက်ကြောင့် Control Center မှ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ Asia Starmar Transport Intelligent Co.,Ltd ၏ Chief Information Officer ဦးသန်းထိုက်စိုးက အက်ပလီကေးရှင်းမိတ်ဆက်စဉ်က ပြောကြားခဲ့သည်။

School Bus အက်ပလီကေးရှင်းနှင့်ပတ်သက်၍ YRTA အတွင်းရေးမှူးဒေါက်တာမောင်အောင်အား ဆက်သွယ် မေးမြန်းရာ ''သူတို့ကို (Asia Starmar Transport Intelligent Co.,Ltd) ကို မေးကြည့်တာတော့ အက်ပလီ ကေးရှင်းကို Update (အဆင့်မြှင့်တင်)နေတယ်လို့ သိရတယ်။ ကျောင်းသားတွေနေတဲ့နေရာ စတဲ့အချက် အလက်တွေကို စုဆောင်းနေတယ်လို့ပြောတယ်''ဟု ပြောသည်။

Asia Starmar Transport Intelligent Co.,Ltd သည် လက်ရှိတွင် YRTA အတွက် Yangon Smart Bus အက်ပလီကေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် Yangon Payment Services Co.,Ltd နှင့်ပူးပေါင်း၍ ယာဉ်စီးခကိုကတ်စနစ်ဖြင့်ပေးချေနိုင်မည့် YPS Card လုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးနေ သည့်ကုမ္ပဏီဖြစ်သည်။

ယခုကျောင်းဖွင့်ရာသီတွင် YRTA က ရန်ကုန်မြို့ရှိ ကျောင်းပေါင်း ၁၂ ကျောင်းသို့ ကျောင်းကားပေါင်း ၉၂ စီးဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ကျောင်းကားအသုံးပြုသူကျောင်းသားပေါင်း ၁၈၇၆ ဦးရှိကြောင်း သိရသည်။

No comments:

Post a Comment